21

2.1K 254 58
                                    

ခရီးကနေပြန်လာပြီးကတည်းက ဟန်ကသူ့ကိုသိသိသာသာ တိုက်ခိုက်နေသည်ဟု သူခံစားနေရ၏ ။ သူနဲ့မျက်နှာချင်းဆိုင်နေတိုက်ခိုက်တာမျိုးမဟုတ်ဘဲ ရှင်းရခက်သည့်ပြသနာများကို သူ့ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်ပို့ပေးတတ်သည်။ သူကတော့ ဟန်နဲ့လက်တွဲလုပ်ရတာကို သဘောကျပေမယ့် တခါတရံနားလည်ရခက်တဲ့ ဟန်ရဲ့လုပ်ရပ်တွေကိုတော့ လိုက်မမှီနိုင်ပေ ။

" ကိုကို ... နွယ်နဲ့အတူ နေ့လည်စာသွားစားရအောင်လေ "

သူ့ကိုတွေ့တာနဲ့ ချက်ချင်းကိုလက်ချိတ်ကာ ချွဲလာသောကလေးမလေးကို သရီကပြုံးပြလိုက်သည်။ ထို့နောက် ဓာတ်လှေကားကို အောက်ထပ်ဆင်းရမယ့်နံပါတ်နှိပ်လိုက်ပြီး သူမအားချော့မော့လိုက်သည်။

" ကုမ္ပဏီမှာ ဒီလိုမလုပ်ရဘူးလို့ ဘယ်နှခေါက်ပြောပြထားရမလဲ နွယ် ။ ကိုယ့်ထက် နွယ့်ကိုလူတွေက အတင်းပြောကြမှာ မကြောက်ဘူးလား "

" မကြောက်ပေါင်း ... နွယ်ကဘာကို ဂရုစိုက်နေရမှာလဲ ၊ သူတို့နဲ့ဆွေမျိုးတော်စပ်မှာလည်း မဟုတ်ဘဲနဲ့ "

သူမသည်သူ့လက်မောင်းကို တွဲခိုရင်းနှင့်ပင် လျှာလေးထုတ်ကာ ချစ်စဖွယ်ကောင်းအောင် ပြန်ပြောလာလေ၏ ။ သရီကလည်းပြောရဆိုရခက်သည့် ကလေးမလေးကို လက်လျော့ထားသဖြင့် သူ့အားတွယ်ခိုထားသောလက်ကို ပြန်မဖြုတ်ခဲ့ ။

ထိုအချိန် ဟန်ကသူတို့အနားရောက်ရှိလာပြီး သူတို့နှစ်ဦးကိုမျက်လုံးပြူးကာ ကြည့်လာသည်။ ကုမ္ပဏီမှာ ဘယ်လိုတွေတောင်ရဲတင်းနေရတာလဲ ။

" ဟိုကလေးမ ... "

ဟန်၏မာဆတ်ဆတ်အသံကြောင့် ရတနာနွယ်သည် သရီ၏လက်မောင်းကိုတွဲထားရင်းပင် ခေါင်းပြူကြည့်လာလေသည်။ သရီကလည်း ဟန်ကိုမြင်တော့ အနည်းငယ်ထိတ်လန့်သွားသည်။ ဟန်ကဘယ်လောက်ထိ သဝန်တိုတတ်ပြီး ဘယ်လောက်ထိ ဒေါသကြီးသလဲ သူအသိဆုံးမဟုတ်လား ။

" ဟိုကလေးမဆိုတာ ကျွန်မကိုပြောတာလား "

ရတနာနွယ်က သူမကိုယ်သူမ လက်ညိုးပြန်ထိုးရင်း ကြောင်တောင်တောင်နှင့် ကြည့်လာလေ၏ ။ ဟန်ကတော့ ဖုံးကွယ်၍မရနိုင်လောက်အောင် ကမ္ဘာပျက်နေသည်။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now