MINE [1]

3.3K 291 35
                                    

ကြက်သွေးရောင် တဖိတ်ဖိတ် တောက်နေသော ကတ္တီပါကော်ဇော်နီသည် ဧည့်ခန်းမဆောင်၏ အသရေတစ်မျိုးကို ဆောင်ကာ ခန့်ညားလှပသည်။

နံရံတစ်ဖက် တစ်ချပ်စီတွင် ချိတ်ဆွဲထားသော တန်ဖိုးကြီးပန်းချီကား တစ်ခုနှင့်တစ်ခုအကြား ကျွန်းသားကို အနုစိတ် ထွင်းထုထားသော ပန်းကနုတ်လက်ရာများကလည်း ဧည့်ခန်းအသွင်အပြင်နှင့် လိုက်ဖက်တင့်တယ်နေသည်။

" မူဟယ် ... ကားသံ ကြားတယ်။ ဒေါက်တာရှင်းတို့ လာပြီ ထင်တယ် "

မယ်မယ်ကြီးထံမှ အမိန့်ရသည်နှင့် မူဟယ် တစ်ယောက် အိမ်အ၀င် တံခါးမကြီးဆီသို့ ပြေးရတော့သည်။

ကားပေါ်က ဆင်းလာသူများကို ခရီးဦးကြိုပြုရန် ပြင်တော့ ပါမောက္ခရှင်းနှင့်အတူ ပါလာသည့် အစ်ကိုငယ်မှာ အင်မတန်မှ ချောမောကြောင်း သတိထားမိသည်။

" မယ်မယ်ကြီးရှိလား မူဟယ် "

" ရှိပါတယ် ဘဘ ဒေါက်တာ။ မယ်မယ် လွှတ်လိုက်လို့ မူဟယ် လာကြိုတာပါရှင့် "

လိုက်ပါလာသည့် အစ်ကိုငယ်က နှုတ်ခမ်းစွန်းတို့ တွန့်ရုံ ပြုံးကာ နှုတ်ဆက်သည်။ မြီးကောင်ပေါက်မလေးပီပီ ထိုအစ်ကိုချောချောမျက်နှာကို ကြည့်ပြီးရင်း ထပ်ကြည့်ချင်မိသည်။

အိမ်တော်သည် ခေတ်ပေါ်ပစ္စည်း အဆောင်ယောင်များထက် ရှေးဟောင်းကျပြီး တန်ဖိုးကြီးသော ပရိဘောဂများကိုသာ တခမ်းတနား ဆင်ယင်ထားသည်။

ဧည့်ခန်းမ၏ ကျွန်းရောင်ပြောင်လက်နေသော ထိုင်ခုံများ၏ ထိပ်တည့်တည့်နေရာသည် မယ်မယ်ကြီး ထိုင်နေကျနေရာဖြစ်သည်။

" နေကောင်းကျန်းမာပါရဲ့လား မယ်မယ် "

" နေသာသလို နေရတာပါ့ ‌ဒေါက်တာရယ်။ ခန္ဓာ၀န်မှ မပယ်နိုင်သေးတာကိုး "

ဒေါက်တာရှင်းနှင့် ဧည့်သည်အစ်ကိုအတွက် ဧည့်ခံရန် မူဟယ်က မီးဖိုချောင်ထဲ ခဏ၀င်၍ ပြင်ဆင်ရသည်။ ရုပ်ရည်လေးတောင် ဒီလောက် ချောမောနေလျှင် အသံလေးများဆို ဘယ်လောက် သာယာနာပျော်နေမလဲ တွေးရင်း ကော်ဖီခွက်ထဲ ရေနွေးထည့်ရာ အတွေးလွန်ပြီး လက်ပေါ်လောင်းချမိသည်။

MINEWhere stories live. Discover now