တကျွီကျွီမြည်ကာ လှုပ်ရှားနေသော ဒန်းလေးက ဆီမထည့်တာကြာနေပြီး ဆေးသားများလည်း ဟိုတကွက် သည်တကွက်သာ ရှိတော့သည်။ ဆေးရုံ၏ အနောက်ဘက်ခြမ်းက လူအသွားအလာလည်းနည်းကာ သစ်ပင်တွေ အုံ့အုံ့မှိုင်းမှိုင်းနှင့် ဖြစ်သည်။
ထိုဒန်းလေးပေါ်ရှိ ဆေးရုံ၀တ်စုံဆင်မြန်းထားသော ကျောပြင်ငယ်ဟာလည်း ခပ်လှမ်းလှမ်းကမြင်နေရသော ဘုရားကျောင်းပျက်တစ်ခုကို မျက်နှာမူထားသည်။
ပတ်၀န်းကျင်ကတိတ်ဆိတ်နေသည့်အပြင် ဒန်းပေါ်ထိုင်နေသူကပါ မလှုပ်မယှက်မို့ ဆော့ဂျင် နှုတ်ဆက်ရန် လာခဲ့ပြီးမှ အနားတိုးသွားဖို့ မဝံ့မရဲဖြစ်ရသည်။ စိတ်မလုံမိတာက ထိုသူ၏ သက်ဆိုင်သူအပေါ်တွင် ထားရှိမိသော သူ၏ စိတ်သဘောထားကြောင့်များလားတော့ မသိပါ။
" ထယ်ယောင်း shii "
ခေါ်သံကြောင့် မျက်လုံးတို့ဝံ့ကာလှမ်းကြည့်လာပြီး သူ့ကိုမြင်တော့ ပါးလေးနှစ်ဖက် မို့နေအောင် ပြုံးပြသည်။ သေချာကြည့်မိမှ ဘယ်ဘက် အောက်မျက်ခမ်းသားလေးမှာ မှဲ့လေးနှင့်။ မျက်၀န်းပြာတွေကို ခြံရံထားသော မျက်တောင်ရှည်တွေက တကယ့်အလှတရားပင်။
" ဆော့ဂျင်ပါလား ... လာလေ "
ဘေးဘက်ရှိ လွတ်နေသော ဒန်းလေးတစ်ခုမှာ ထိုင်ဖို့ ခေါ်နေတာမို့ သူ အလိုက်တသိပင် ၀င်ထိုင်လိုက်သည်။ လာတာကတော့ ဆိုးလ်ပြန်မှာမို့ နှုတ်ဆက်ဖို့ပါပဲ။ ဘယ်လောက်ပဲ အလျင်လိုလို နှုတ်မဆက်နိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ထွက်မသွားသင့်ဘူး မဟုတ်လား။
" ကျွန်တော် ဆိုးလ်ကို အရင်ပြန်နှင့်မှာမို့ လာနှုတ်ဆက်တာပါ ... တူတူပြန်ကြမယ် လုပ်ထားပြီးမှ အရင်ပြန်သလို ဖြစ်သွားလို့ ဂျွန် နဲ့ ထယ်ယောင်းကိုလည်း အားနာပါတယ် "
" ကျွန်တော်တို့ အရင်ကဆုံဖူးကြသလား ဆော့ဂျင် "
မြေပြင်ပေါ်က ရွက်ခြောက်လေးတွေကို ခြေဦးထိပ်ဖြင့် ကန်ကျောက်ကာ ဆော့ကစားနေပြီး သူပြောတာကို အာရုံ၀င်စားဟန်မပြ။ အတွေးတွေများနေပုံရကာ စိတ်နှင့်လူ မကပ်သလိုပင်။
YOU ARE READING
MINE