MINE [24]

2.4K 291 64
                                    

“ အလွမ်း ” ကို ‌“ အချိန် ” နှင့် ကုစားကြည့်ဖို့ ကိုကိုက ပြောဖူးသည် ။

လူနာများစွာ၏ နာကျင်ကိုက်ခဲမှု၊ ရောဂါဝေဒနာအစုံတို့ကို ကုသပေးနိုင်သော်လည်း ညီဖြစ်သူ၏ နာတာရှည်လို ဖြစ်နေသည့် အလွမ်းဝေဒနာကိုတော့ လက်မှိုင်ချထားသည် ထင်သည် ။ တကယ်ဆို ကာလတစ်ခုကြာရှည်ခဲ့ပြီဖြစ်သော ဝေးကွာခြင်းသည် သူနှင့် နေသားကျခဲ့ပြီ ။

ခေါက်ရိုးကျိုးနေ့ရက်များစွာကို ဖြတ်သန်းနေရပြီး တခါတလေ ရူးချင်လောက်အောင် ပြေးတွေ့ချင်စိတ်က ပြင်းပြသည် ။ ပြန်လာမည် ဟု မပြောခဲ့သည့်တိုင် ဆော့ဂျင်ကို ယုံကြည်ရင်း ရူးမိုက်စွာ စောင့်မျှော်နေဆဲဖြစ်သည် ။

ပန်းရောင်ချစ်သည့်ကောင်လေးကြောင့် သူ့အခန်း၏ မဟူရာရောင် နံရံတွေအား ပန်းရောင်ရေးရေးဘက်သို့ ပြောင်းသုတ်ခဲ့သေးသည် ။ စိတ်တွေညစ်ညူးပြီး ဒေါသတွေထိန်းမရအောင် ထွက်လာသည့် အခါတိုင်း ဆော့ဂျင် နားထောင်ခိုင်းဖူးသည့် တေးသွားအေးအေးလေးက သူ့ ဖြေသိမ့်ရာလေး ဖြစ်ခဲ့သည် ။

ရှင်သန်နေသည့် ခန္ဓာသည် ဂျွန်ဂျောင်ကု ဖြစ်ခဲ့သော်လည်း စိတ်နှလုံးကတော့ ကင်မ်ဆော့ဂျင်မည်သော ဆရာ၀န်လေး၏ ကိုယ်ပွားလေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်ခဲ့သည် ။ စိတ်ဒဏ်ရာကို နှစ်သိမ့်ပေးခဲ့ဖူးသည့် ဆရာ၀န်လေးက နှလုံးသားကို အဖိုးအခအဖြစ် တန်ဖိုးဖြတ်သွားဟန်တူသည် ။

အခန်းအောင်းပြီး ရက်ပေါင်းများစွာ အလွမ်းဒဏ်ကို အလူးအလဲ ခံစားရပြီးသည့်နောက်မှာ လွမ်းရတာကိုပင် စွဲလမ်းလာခဲ့သည် ။ အတူရှိခဲ့ဖူးသည့် အခိုက်အတန့်တိုင်းကို အဖန်တလဲလဲ တွေးတောနေမိပြီး‌ တွေးမိသည့် အချိန်တိုင်းလည်း ဆော့ဂျင်ကို ပိုမိုမြတ်နိုးမိပြန်သည် ။

စိတ်နှင့် နားလည်ခဲ့သော ချစ်ခြင်းတစ်ခုတွင် ဆော့ဂျင်လည်း သူ့နည်းတူ ခံစားနေရလိမ့်မည်ဟု ယုံကြည်သည် ။

“ ဂျပန်မှာ ဒီချိန်ဆို ဆာကူရာတွေ ပွင့်နေလောက်ပြီ ”

အတွေးကမ္ဘာ‌ထဲရောက်နေသော သူ၏ဘေးသို့ မယ်မယ်ရောက်လာသည် ။ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအစုံကို မယ်မယ့်အား ပြောမပြခဲ့သော်လည်း သူ့နည်းနှင့် သူ့ဟန်နှင့် မယ်မယ် သိနှင့်ပြီးသား ဖြစ်လိမ့်မည် ။ မိဘနှင့် သားသမီးကြား လျှို့ဝှက်ချက်ဟူသည် တကယ်မရှိ ။

MINEWhere stories live. Discover now