Unicode
လေဆိပ်မှာလာကြိုတဲ့အတွင်းရေးမှူးဆိုသူက ရှောင်းကျန့်ရဲ့ အိတ်တွေကိုဆွဲယူပြီးကားပေါ်တင်ပေးတယ်။ ကားတံခါးကိုပါဖွင့်ပေးလာတဲ့နောက်မှာ ရှောင်းကျန့်က ကျေးဇူးတင်ကြောင်းပြောပြီးမှဝင်ထိုင်လိုက်တယ်။
ရှောင်းကျန့်က ဖက်ရှင်ပိုင်းလည်းဂရုစိုက်တတ်တဲ့လူမို့ သူဝတ်လာတဲ့နိုင်ငံခြားဒီဇိုင်းနဲ့ တရုတ်ပြည်ရဲ့ရာသီဥတုနဲ့အဆင်မပြေဘူး။ နွေဦးကကုန်တော့မှာဆိုပေမယ့် အိုက်စပ်စပ်နိုင်တယ်။ ရှောင်းကျန့်က သူ့နဖူးမှာ ချွေးသီးလေးတွေစွတ်လာတဲ့အခါ အပေါ်ကုတ်ကိုဆွဲချွတ်တော့တယ်။
အတွင်းရေးမှူးဆိုသူက ရှောင်းကျန့်ပုံစံကို သတိထားမိတယ်ထင်ပါတယ်။ သူက ကားအဲကွန်းကိုမြှင့်တင်ပေးလာတယ်။ နောက်ကြည့်မှန်ကနေ ရှောင်းကျန့်က ရယ်ပြလိုက်တော့ တည်တံ့နေတဲ့အတွင်းရေးမှူးက မနေတတ်သလိုဖြစ်သွားပြီးခေါင်းတစ်ချက်ငုံ့ပြတယ်။
ဥက္ကဌကြီးရဲ့အတွင်းရေးမှူးကတအားရှက်တတ်တာပဲလို့ ရှောင်းကျန့်ကမှတ်ချက်ချလိုက်ပြီး စိတ်ထဲမှာလည်း ဝမ်ရိပေါ်ကိုသွားတွေးမိတယ်။ တစ်ချိန်ကသူလည်း ထိုသို့အရှက်အကြောက်ကြီးခဲ့တယ်။ လူရှေ့မရှောင်သူရှေ့မရှောင်နမ်းတတ်ပြီး နားရှက်စရာတွေပြောတတ်တဲ့ ဝမ်ရိပေါ်နဲ့အနေများခဲ့တော့ အဲ့တာတွေက သူ့ဆီကူးလာတာဖြစ်မယ်။
ဘာလို့များ လမ်းခွဲပြီးတဲ့ရည်းစားဟောင်းကိုတွေးနေရတာလဲ!
ရှောင်းကျန့်က ခေါင်းတွေခါပစ်လိုက်ပြီး ကားကမီးပွိုင့်မိနေတဲ့အချိန်မှာ အတွင်းရေးမှူးကိုသူကလှမ်းမေးလိုက်တယ်။
" အဲ့အိမ်မှာ လူတွေမရှိကြဘူးဆို ကိုယ်နေဖို့အဆင်ပြေလောက်ပါ့မလား လောလောဆယ်အနီးနားက ဟိုတယ်မှာထားခဲ့ပြီး နောက်ရက်ကျ ကွန်ဒိုတစ်ခန်းရှာပေးပေါ့ "
" ဥက္ကဌကြီးကမှာထားတာမို့ ကျွန်တော်လုပ်ပေးလို့မရပါဘူး။ အိမ်မှာက အငယ်ဆုံးသားတစ်ယောက်ပဲရှိပါတယ်.. သူကအိမ်ပြန်လာတာရှားတာမို့ ရှောင်းသခင်လေး လွတ်လွတ်လပ်လပ်နေလို့ရပါတယ် "