Unicodeကားပေါ်ကဆင်းတာနဲ့ အပေါ်ထပ်ကိုရှောင်းကျန့်ကအရင်တက်သွားတယ်။ အတွင်းရေးမှူးလျိုကဒီမှာနေတဲ့လူမဟုတ်တာကြောင့် သူ့တာဝန်ပြီးတာနဲ့ကားပြန်ထွက်သွားပြီဖြစ်တယ်။ အလုပ်သမားတွေတစ်ယောက်မှမရှိတာကြောင့် တိတ်ဆိတ်နေပြီး အနောက်ကနေ ဝမ်ရိပေါ်ရဲ့လိုက်ပါလာသံကိုတောင်ကြားနေရ၏။
" ရှောင်းကျန့်.. ခင်ဗျား နေဦး "
အခန်းထဲကိုဝမ်ရိပေါ်က ပေးမဝင်။ လက်ကိုဆွဲထားပြီးတားလာတယ်။ ဘာလဲ ဆိုတဲ့မျက်နှာနဲ့ပြန်ကြည့်လိုက်တော့ ဝမ်ရိပေါ်ကသူ့လက်ကိုဆွဲထားရင်းနဲ့ပဲပြောတယ်။
" ဒီမျက်နှာကိုဆေးတော့ထည့်ပေးသင့်တယ်မဟုတ်ဘူးလား "
" မင်းလက်တွေကျိုးကုန်လို့လား "
" စကားကောင်းကောင်းပြောစမ်းပါ .. လူကိုလည်းထိုးသေးတယ် ဒါလေးတောင်ပြန်မလုပ်ပေးနိုင်ဘူးလား "
" ထိုးချင်အောင်စကားနဲ့စော်ကားတာ အဲ့ဘက်ကအရင်ပါ "
" ဟုတ်ပြီ ဟုတ်ပြီ ထားတော့.. ကျွန်တော့်ကိုဆေးထည့်ပေးတော့ "
နောက်ဆုံး ဝမ်ရိပေါ်ရဲ့မျက်နှာကိုကိုယ်တိုင်ဆေးထည့်ပေးဖို့က သူ့တာဝန်ဖြစ်လာတယ်။ ထည့်ပေးချင်လွန်းတော့မဟုတ်ပေမယ့်အောက်ထပ်မှာအိပ်နေပြီဖြစ်တဲ့အားရီကို နှိုးဖို့အားနာတာကြောင့်ပင်ဖြစ်တယ်။ ရှောင်းကျန့်က ဆေးထည့်ဖို့နေရာကို သူကိုယ်တိုင်ရွေးတယ်။
ဘယ်သူ့အိပ်ခန်းမှမဖြစ်စေဘဲ အပေါ်ထပ်ရဲ့လသာဆောင်မှာ နေရာယူလိုက်တယ်။ အလှဆင်မီးလုံးလေးလုံးက လက်ရန်းတွေရဲ့ဘေးပတ်လည်မှာရှိနေပြီး သူတို့အချင်းချင်းမြင်နိုင်ဖို့ထိ အလင်းရောင်ပြည့်ပြည့်ဝဝပေးနိုင်တယ်။
ဆေးသေတ္တာကိုဖွင့်လိုက်ပြီး အရက်ပျံနဲ့ဂွမ်းစတစ်ချို့ကိုအရင်စွတ်ပြီး ဝမ်ရိပေါ်ရဲ့မျက်နှာပေါ်က ဒဏ်ရာတွေကိုပိုးသတ်လိုက်တယ်။ စပ်တာကြောင့်ဖြစ်လာတဲ့မျက်နှာကိုမြင်ရတဲ့အခါ ရှောင်းကျန့်က သူ့နှုတ်ခမ်းတွေကိုစုလို့ လေအေးအေးလေးမှုတ်ပေးတယ်။ ဒါကလည်း လုပ်ပေးချင်လွန်းလို့မဟုတ်ဘဲ ခန္ဓာကိုယ်ကအလိုအလျောက်တုန့်ပြန်မှုကြောင့်သာဖြစ်တယ်။