Unicodeနေသားတကျဖြစ်ပြီးကြာလာလည်း သူတို့ဆက်ဆံရေးကစကားတွေပိုမပြောဖြစ်တာကလွဲရင်မပြောင်းလဲသွားဘူး။
ဝမ်ရိပေါ်က ကျောင်းရုံးခန်းဘက်ကိုလျှောက်လာပြီး ဆရာတွေရဲ့နားနေခန်းကိုတစ်ခုခုပြီးတစ်ခုဖြတ်ကျော်လျှောက်လာတယ်။ ' ပါမောက္ခရှောင်းကျန့် ' ဆိုတဲ့နာမည်ရေးထိုးထားတဲ့အခန်းရှေ့အရောက် သူက တံခါးကိုခေါက်ပြီးအသိပေးလိုက်တယ်။
' ဝင်လာပါ ' ဆိုတဲ့ရှောင်းကျန့်ရဲ့အသံအေးအေးလေးကိုကြားရတာနဲ့ ခွင့်ပြုချက်ရသွားပြီမို့ သူကအခန်းထဲဖွင့်ဝင်လာတယ်။
စာရေးခုံပေါ်မှာစာရွက်တွေနဲ့ အလုပ်ရှုပ်နေပုံရတဲ့ရှောင်းကျန့်က မျက်မှန်ကိုချွတ်ပြီးတဲ့အခါ သူ့ကိုမော့ကြည့်တယ်။ ထိုမျက်နှာလေးကိုတမော့တမောငေးရင်း ဝမ်ရိပေါ်က မျှော်လင့်တကြီးနဲ့မေးလိုက်တယ်။
" ဒီညအားလား "
" ဘာအတွက်လဲ? "
ရှောင်းကျန့်မျက်နှာက တကယ်ဘာမှန်းမသိဘဲဟန်ဆောင်နေတာမျိုးမရှိတဲ့အခါ ရိပေါ်ရဲ့မျှော်လင့်ချက်လေးကပျက်တယ်။ သူ့ပါးစပ်ကလည်းထုတ်မပြောနိုင်တဲ့အခါ..
" ခင်ဗျားမအားရင်နေတော့ "
အခန်းထဲကနေဝမ်ရိပေါ်ကထိုသို့ပြောပြီးပြန်ထွက်သွားပြီဖြစ်တယ်။ တစ်ယောက်ထဲကျန်ခဲ့တာက ရှောင်းကျန့်ဖြစ်ပြီး စကားတစ်ဝက်တစ်ပြတ်နဲ့ချန်ထားခံခဲ့ရတာမို့ သူလည်းထွေထွေထူးထူးဆက်တွေးမနေတော့ဘူး။
ခဏအကြာ အတွင်းရေးမှူးဆီကဖုန်းဝင်လာတယ်။ ဒီနေ့ ကွန်ဒိုအသစ်ကိုသွားကြည့်မှာဖြစ်ပြီးအခြေအနေကောင်းရင် မနက်ဖြန်ပြောင်းဖြစ်မယ်။ ဝမ်ရိပေါ်က ဘာအတွက်လာချိန်းမှန်းမသိပေမယ့် ဆက်မပြောသွားတာပဲကောင်းပါတယ်။ သူလည်းမအားဘူးလေ။
ဝမ်ကျောက်ယွီတို့မိသားစုက ဒီညမှာအဲ့အိမ်ကိုပြန်ရောက်လာကြတော့မှာ ရှောင်းကျန့်ကိုဆက်နေခိုင်းပေမယ့်လည်း ဝမ်ရိပေါ်နဲ့တင်ဆက်ဆံရေးကတော်သင့်ပြီမို့ ဒီရှုပ်ထွေးတဲ့မိသားစုဆက်ဆံရေးမှာထပ်ပြီးမပါဝင်ချင်ဘူး။ သူက ကောင်းကောင်းမွန်မွန်ပြောပြတောင်းဆိုခဲ့ပြီးတဲ့နောက်မှာ ဥက္ကဌအကူအညီနဲ့အတူ ကွန်ဒိုကိုရခဲ့တယ်။