Unicodeစာမေးပွဲဖြေရတဲ့ရက်တွေမှာ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အရိပ်အယောင်တောင်ရှာလို့မတွေ့တော့ဘူး။ မျက်နှာလေးဖြစ်ဖြစ်မြင်ချင်ပေမယ့် ဒီရက်တွေကိုသူက အတော်လေးသည်းခံပြီးဖြတ်သန်းခဲ့ရတယ်။
စာမေးပွဲနောက်ဆုံးရက်မှာတော့ သူက ရှောင်းကျန့်ဆီဖုန်းခေါ်ခဲ့တယ်။ ဆက်တိုက်ခေါ်နေပေမယ့်တစ်ဖက်ကလုံးဝမကိုင်တာအသိသာကြီး။ စကားမပြောတာကြာပြီဖြစ်တဲ့အကောင့်အဟောင်းထဲဝင်ပြီး သူက ရှောင်းကျန့်ဆီစာတွေဆက်တိုက်ပို့ထားလိုက်တယ်။
...
" ဒီည ဘယ်မှမသွားနဲ့ အရေးကြီးတဲ့ညစာစားပွဲရှိတယ် "
ဝမ်ကျောက်ယွီက ခါတိုင်းလိုပဲ သြဇာညောင်းလှတဲ့အသံနဲ့ သားဖြစ်သူကိုအမိန့်ပေးတယ်။
" ကျွန်တော်? ကျွန်တော် ဝမ်ရိပေါ်ကိုပြောတာလား "
မျက်ခုံးပင့်ပြီးတအံ့တသြမျက်လုံးနဲ့မေးတဲ့အငယ်ဆုံးသားကို ဝမ်ကျောက်ယွီက မျက်မှန်ကြီးပင့်ပြီးထပ်ကြည့်တယ်။
" မင်းမဟုတ်လို့ဘယ်သူ့ကိုပြောရမှာလဲကွ! "
" မိသားစုညစာစားပွဲဆိုတာက တစ်ခါမှ ကျွန်တော်နဲ့မသက်ဆိုင်ဘူးလေ .. ဒီတစ်ခေါက်ကဘာလို့လဲ? "
ထိုသို့ကြားလိုက်ရတော့ ဝမ်ကျောက်ယွီရဲ့မျက်နှာပေါ်မှာအပြစ်မကင်းစိတ်တွေပြည့်နှက်သွားတယ်။ သူက သားဖြစ်သူကိုတစ်ချိန်လုံးပစ်ထားခဲ့မိသလိုများဖြစ်သွားခဲ့တာလား။ ဝမ်ရိပေါ်ဘယ်လောက်ဆိုးဆိုး သူ့ရဲ့အငယ်ဆုံးနဲ့အချစ်ဆုံးသားအဖြစ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။
ဒီနေ့ပွဲလည်း သူ့သမီးနဲ့ ပါမောက္ခရှောင်းရဲ့သတင်းကိုထုတ်ပြောမယ့်ပွဲလို့သာစီစဥ်ထားပေမယ့် တကယ်က ဝမ်ရိပေါ်ကို သူ့တရားဝင်သားအဖြစ်နဲ့အများသိအောင်ပွဲထုတ်ချင်တာ။ ဒီကလေးအပေါ်အများကြီးမျှော်လင့်ထားတာမို့ အထောက်အကူဖြစ်စေမယ့် လူကြီးတွေနဲ့လည်း သိထားစေချင်တယ်။
ဒါကို ပွဲရောက်မှထုတ်ပြမှာ။ မဟုတ်ရင် ဝမ်ရိပေါ်နဲ့ပတ်သတ်ပြီး သူ့ဒုတိယဇနီးနဲ့သားကကန့်ကွက်ကြမှာမြင်ယောင်ပြီးသားမို့ဖြစ်တယ်။