Unicode
စာမေးပွဲနီးလာလေ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကတွေ့ဖို့အချိန်တွေအလွန်နည်းပါးလေ။ ကျောင်းမှာအတန်းတွေပုံမှန်လာတတ်တဲ့တစ်ချိန်ပဲ သူတို့တွေတွေ့ရတယ်။ ရှောင်းကျန့်က အရှေ့ကနေ လှမ်းလှမ်းကြည့်တတ်ပေမယ့် ဝမ်ရိပေါ်ကအလွန်တည်ငြိမ်နေပြီးစာကိုပဲတစိုက်မတ်မတ်ကြိုးစားနေခဲ့တာ။အပေါင်းအသင်းနဲ့အချိန်ကုန်ဆုံးတာကိုတောင်လျော့ချသွားတာကို ရှောင်းကျန့်မျက်မြင်ကိုယ်တွေ့လေ။ သူကလည်းဆုတောင်းပါတယ်။ ဝမ်ရိပေါ် စာမေးပွဲကိုကောင်းကောင်းကျော်ဖြတ်နိုင်စေဖို့ကို။
ရှောင်းကျန့်က သူ့အားလပ်ရက်တစ်ချို့ကိုဒီရက်တွေထဲမှာ ဝမ်ကျောက်ယွီရဲ့သမီးနဲ့အတူဖြတ်သန်းနေရတယ်။ တစ်ယောက်နဲ့တစ်ယောက်လေ့လာဖို့အချိန်ကိုညှိယူကြသလိုမျိုး။ သူမက ကုမ္ပဏီမှာဒီဇိုင်းဌာနရဲ့အကြီးအကဲတစ်ယောက်ဖြစ်တာကိုသိရတယ်။
သက်တူရွယ်တူမို့ ရင့်ကျက်တဲ့အမျိုးသမီးတစ်ဦးပဲ။ သူတို့နှစ်ယောက်အတူရှိနေကြပေမယ့် သာမန်လူငယ်စုံတွဲတွေလိုမျိုးမဖြတ်သန်းကြဘူး။ ရှောင်းကျန့်ရော သူမရောက ထိုသို့ပြုမှုရမယ့်အသက်အရွယ်မဟုတ်တော့တာကြောင့်ဖြစ်ပါလိမ့်မယ်။
စီးပွားရေးအကြောင်းတွေပြောတာများကြပြီး သူမက စိတ်ကူးထဲကလက်ထပ်ပွဲအကြောင်းတွေကိုပြောပြတယ်။ ပြီးတော့ ရှောင်းကျန့်လိုလူမျိုးကလည်း သူမ လိုချင်တဲ့ပုံစံနဲ့အကိုက်ညီဆုံးတဲ့။
နှစ်ယောက်အတူတစ်နေ့လုံးဖြတ်သန်းပြီးတာနဲ့ညပိုင်းမှာ သူတို့က ရုပ်ရှင်ရုံကိုလာဖြစ်ကြတယ်။ တစ်ယောက်ရဲ့အကြိုက်အကြောင်းတွေဖယ်လှယ်ခဲ့ကြပြီး လူကြီးတွေစီစဥ်ပေးတဲ့ဒိတ်တစ်ခုရဲ့အစဥ်အလာအတိုင်းပါပဲ။
သူတို့ရုံကိုရောက်တော့ ရွေးလိုက်တာက အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
ရှောင်းကျန့်ကချက်ချင်းသွားသတိရတယ်။ အဲ့ချိန်တုန်းက သရဲကားကိုရုံမှာဝမ်ရိပေါ်နဲ့အတူကြည့်ခဲ့ကြတာ။ သရဲကားဆိုမကြည့်ရဲတဲ့ဝမ်ရိပေါ်ကို သူကတမင်နှိပ်စက်ခဲ့တာလေ။ နောက်တော့ ခြောက်ခြားစရာသရဲကားရဲ့အသံတွေနဲ့ပြည့်နေတဲ့ရုံထဲမှာ သူတို့တွေနမ်းခဲ့ကြတယ်။