Part 7

234 29 15
                                    

Unicode

နွေပိတ်ရက် ပြန်ရောက်ကတည်းက သူကောင်းကောင်းအနားယူဖြစ်ခဲ့သည်။ အိမ်ထဲမှအိမ်ပြင် မထွက်သလောက်ကိုပင် သူနားဖြစ်ပါသည်လေ။ နေပူပူ ဖုန်ထူထူဟာ အညာအရပ်၌တော့ ပဒေသာရှုဖွယ်ဖြစ်ပေမဲ့ ဤမြို့ပြအရပ်တွင်တော့ ဂတ်စ်နံ့တသောသောကို အပူငွေ့ရိုက်ပြီး ရှူရရုံသာရှိ၏။ သို့သော်ငြားလည်း ယနေ့တော့ သူအပြင်ထွက်ဖြစ်ခဲ့သည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သောဖခင်သည် သူ့အားလာတွေသောကြောင့်ဖြစ်၏။

"ငါ့သားက အမြဲဒီပုံစံပဲနော်"

"ဗျာ ... ဖေဖေဘာပြောလိုက်တာဗျ"

ပိတ်ကျပ်နေသောကားတန်းရှည်ကို ငေးနေခဲ့၍ အာရုံမရလိုက်သဖြင့် ပြန်မေးလေတော့ ဖခင်ကရယ်၏။ မျက်ခုံးမျက်လုံးကောင်းကောင်းဖြင့် အသက်လေးဆယ်ကျော်တိုင် ရင့်ရော်မှု သိပ်မမြင်ရသေးသော ဖခင်၏မျက်နှာမှအပြုံးသည် တည်ကြည်လွန်းသည်။ ကြည့်ကောင်းသည်။ မိဘနှစ်ယောက်မကွဲခင်အချိန်ကို ပြန်စဉ်းစားမိလေတော့ ဖခင်ကအနေအေးပေမဲ့ ပြတ်သားသူ၊ မိခင်ကတော့ ဆတ်ဆတ်ထိမခံတတ်သူအပြင် ပြတ်သားသူပင် ထပ်မံဖြစ်ခဲ့လေသည်။

"အပြင်လေမရှုနိုင်လို့ ကားမှန်ကိုလည်းပိတ်ထားသေး၊ အဲကွန်းကျအဖွင့်မခံဘူး၊ သားဒီလောက်အိုက်နေတာကို"

"အဲကွန်းလေကို တကယ်မကြိုက်တာ ဖေဖေ"

"အဲ့တာကြောင့် မပြောင်းလဲဘူး ပြောတာပါ၊ ကျောင်းတက်နေတုန်းကလည်း ငါ့သား ဖေဖေ့ဆီဖုန်းတောင်တစ်ချက်မဆက်ဘူးနော်၊ အကြာကြီး နေနိုင်ချက်ပဲ၊ ဘာလဲ... ဒေါ်သုသုတို့က မဆက်ခိုင်းလို့လား"

"မဟုတ်တာ ဖေဖေ၊ သားဖုန်းတွေဘာတွေပြောရတာလည်း သိပ်မကြိုက်လို့ပါ၊ မျက်နှာချင်းဆိုင်ဆုံပြီး စကားပြောရတာက အကောင်းဆုံးပဲ"

"ငါ့သားမကြိုက်တာကလည်း များသားလား"

"အကောင်းမြင်ဝါဒတွေပြောဦးမှာလား ဖေဖေ"

သူ့စကားကို ဖခင်က ဟက်ဟက်ပက်ပက်ပင် ရယ်တော့သည်။ ထို့နောက် ယာဉ်ကြောလွတ်သွားသော နေရာသို့ ပြောင်းရွှေ့လိုက်ပြီး ဖြည်းဖြည်းမှန်မှန်ဆက်မောင်းလေ၏။

ခိုWhere stories live. Discover now