Part 32

142 19 23
                                    

Unicode

"လူတစ်ယောက်က ဘယ်အချိန်မှာလူကြီးလို့ စသတ်မှတ်ခံရနိုင်လဲ အစ်ကို"

"အသက်အရွယ်အားဖြင့်ဆိုရင်တော့ ၁၈နှစ်လို့သတ်မှတ်ထားကြပေမဲ့ ဒါကရုပ်ပိုင်းဆိုင်ရာအရ အရွယ်ရောက်ခြင်းလို့ပဲ အစ်ကိုကမြင်တယ်၊ ပြောရရင် လူကြီးတစ်ယောက်ဖြစ်တယ်၊ မဖြစ်ဘူးက သူဘယ်လောက်ရင့်ကျတ်သလဲ၊ ဘယ်လောက်ကလေးဆန်နေသေးလဲ၊ ပြီးတော့ ပြဿနာတွေကိုရင်ဆိုင်တဲ့ပုံစံ၊ ဒါမျိုးတွေအပေါ်လိုက်ချိန်ပြီး သူတော့လူကြီးဖြစ်နေပြီ၊ ကိုယ့်ဘာသာရပ်တည်နေနိုင်ပြီဆိုတာမျိုး စမြင်ကြမယ်ထင်တယ်"

"ဒီလိုဆို အသက်၁၈မပြည့်လည်းပဲ လူကြီးဖြစ်နိုင်တာပေါ့နော် အစ်ကို"

"ဒါပေါ့ ခို့ရဲ့၊ ဥပမာ ခို့လိုပေါ့၊ ငါ့ညီက အသက်ငယ်ပေမဲ့ လူကြီးတွေထက်ပိုရင့်ကျတ်ပြီး ကိုယ့်ဘာသာတာဝန်ယူနိုင်တယ်၊ အစ်ကိုကတော့ ခို့အတွက်ဂုဏ်ယူတယ်"

မန္တလေးတောင်မကြီးပေါ်မှ လှမ်းမြင်နေရသော တော်ဝင်မန္တလေး၏အလှအဖုံဖုံကိုငေးမောရင်း ခို့အမေးများကို သူဖြေလျက်ရှိသည်။

"အစ်ကိုရော... ကျွန်တော့်ကိုလူကြီးလို့မြင်လား"

ယနေ့မှ အထူးတဆန်းဖြင့် အမေးအမြန်းထူလျက်ရှိသောခို့အား သူသေချာကြည့်မိလိုက်သည်။ ခို့တွင် စိတ်ခုစရာတစ်ခုခုများ ရှိနေသည်လား။ ခို့မျက်နှာကတော့ သူ့မူလေးအတိုင်း တုန်လှုပ်မှုမရှိဘဲ ငြိမ်သက်နေသည်။ အပြာရောင်ကောင်းကင်လိုမျိုးမကြည်လင်ပေမဲ့ တည်ငြိမ်နေသောရေပြင်အသွင်တော့ရှိသည်။

"တစ်ခုတော့ရှိတယ် ခိုရဲ့၊ အစ်ကိုတို့ဘယ်လောက်ပဲရင့်ကျတ် ရင့်ကျတ်၊ ဘယ်အသက်အရွယ်ရောက်ရောက်၊ အစ်ကိုတို့မိဘတွေ အစ်ကိုအစ်မတွေရဲ့မျက်လုံးထဲမှာတော့ ကလေးပဲ၊ ခိုကလည်း အစ်ကို့ညီလေးမဟုတ်လား၊ ဒီတော့ ခိုဘယ်လောက်ပဲရင့်ကျတ်ပါစေ၊ ခို့ဘာသာဘယ်လောက်အားကိုးနိုင်ပါစေ၊ အစ်ကို့အတွက်တော့ ခိုဟာကလေးပဲ၊ အစ်ကိုစောင့်ရှောက်ကာကွယ်ချင်မိတဲ့ အစ်ကို့ကလေးပဲ"

ခိုသည် သူ့အားဆက်မမေးတော့ဘဲ သူ့နည်းတူစွာပင် တောင်ခြေသို့လှမ်း၍ငေးမောလျက်ရှိနေတော့သည်။ ယနေ့က ခိုစာမေးပွဲပြီးသည့်အထိမ်းအမှတ်ဖြင့် မန္တလေးတောင်တက်ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက်တော့ ကောင်းမင်းမြတ်မပါခဲ့။ သူခေါ်သော်လည်း ကောင်းမင်းမြတ်ကငြင်း၍သာ ပါမလာခဲ့ခြင်းဖြစ်သည်။

ခိုWhere stories live. Discover now