Part 16

189 25 16
                                    

Unicode

"အေ ဘီ စီ ဒီ အီး အက်ဖ် ဂျီ"

သူ့အသံနောက်တွင် ကလေးများ၏ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုသံလေးက လိုက်လာလေသည်။ စနေ၊ တနင်္ဂနွေရက်များ၌ သူနှင့်ကောင်းမင်းမြတ်တို့ မြရိပ်မြုံတွင် ကလေးများအား စာလာသင်ပေးဖြစ်ကြသည်။ ဂေဟာမှကလေးတိုင်းနီးပါး ကျောင်းမတက်နိုင်ကြသဖြင့် ဂေဟာ၌ပညာဒါနပြုရန် သူဆုံးဖြတ်ပြီး ကောင်းမင်းမြတ်နှင့်တိုင်ပင်ခဲ့ခြင်းဖြစ်သည်။ ကောင်းမင်းမြတ်ကလည်း ကလေးများအတွက်ရေးစာအုပ်၊ ခဲတံကအစ တာဝန်ယူဖြေရှင်းပေးလေသည်။ ယခုတော့ ကလေးအုပ်ကြားထဲတွင်ထိုင်ရင်း သူစာတိုင်ပေးနေသည်ကို ပြောင်ချော်ချော်ဖြင့် မပီကလာပီကလာပြုရင်း လိုက်ဆိုနေပြန်၏။

"ဒါဆို နောက်အပတ်ကျရင် ဒါတွေအလွတ်ချရေးနိုင်အောင်လုပ်ရမယ်နော်၊ ကိုကြီးတို့က စာရတဲ့ကလေးတွေကို ခဲတံနဲ့စာအုပ်အသစ်လေးတွေ ဆုချမယ်၊ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ..."

ထိုဖြေသံထဲတွင် ကောင်းမင်းမြတ်အသံမှာအကျယ်ဆုံးဖြစ်ပြီး ကလေးများကလည်း ကောင်းမင်းမြတ်ကိုလှည့်ကြည့်ကြရင်း ရယ်ပွဲကျသွားကြသည်။ ဂေဟာမှကလေးများသည် သူ့ထက် ပြောဆိုဆက်ဆံမှုရော၊ ကလေးများစိတ်ကိုနားလည်မှုပါသာသည့် ကောင်းမင်းမြတ်ကိုပိုချစ်ကြသည်။ ခန့်မှူးပိုင်ကဲ့သို့ တုံ့နှေးနှေး၊ ခပ်အေးအေးကိုတော့ သိပ်ကပ်လေ့ကပ်ထပင်မရှိကြချေ။

"ကလေးတွေနဲ့အတူ ထမင်းစားသွားပါလား ကောင်လေးတို့၊ အလှူရှင်ရှိတော့ ဟင်းကောင်းတယ်ကွယ့်၊ ကလေးတွေလည်း မကုန်ပါဘူး၊ ပိုမှာ၊ အားမနာဘဲ စားသွားကြပါလား"

သူနှင့်ကောင်းမင်းမြတ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်လုံးချင်းဆွေးနွေးပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ ကလေးများကလည်း သူတို့အနားဆရာများလာထိုင်ရန် နေရာမျိုးစုံမှဖိတ်ခေါ်နေကြသည်။ ဦးလေးကြီးကတော့ သူတို့နှစ်ယောက်အား ဂေဟာမှခိုတို့အရွယ်ကောင်လေးများဝိုင်းတွင်သာ ထိုင်စေသည်။ မစားခင် အလှူရှင်များအား ကလေးများနှင့်အတူ ဆုတောင်းမေတ္တာပို့သသည်။ ပြီးမှ ဇွန်းသံ၊ ပန်းကန်သံခပ်မြိုင်မြိုင်ဖြင့် စတင်စားသောက်ကြတော့သည်။

ခိုWhere stories live. Discover now