Part 19

226 26 7
                                    

Unicode

မြရိပ်မြုံရှိ အုတ်ကန်လေးတွင် သူပထမဆုံးရေချိုးဖူးခြင်းဖြစ်သည်။ အနောက်ဆောင်၏ ဘေးဘက်နေရာအလွတ်တွင် သူ့ခါးကျော်ကျော်လောက်မြင့်သော အုတ်ကန်လေးရှိသည်။ အသေအချာသန့်ရှင်းရေးလုပ်ထားကြသဖြင့် ရေလေးသည်ကြည်စိမ်း၍နေလေသည်။ ကလေးငယ်များကျန်းမာရေးအတွက် အကြီးများမှ ရေအိမ်ကအစသန့်ပြန်နေအောင် ထားပေးကြသည်။

"နေ့လယ်က နေကြောင့် ရေကအေးတော့မအေးဘူး"

ခိုသည် ပြောရင်းဆိုရင်း သူ့ခန္ဓာကိုယ်လေးသူ ရေတစ်ခွက်ချင်းလောင်း၍နေလေသည်။ ခန့်မှူးပိုင်လည်း ရေခွက်ဖြင့်တစ်ခွက်ခပ်ကာ ခြေထောက်အရင်ဆေးပြီးနောက် မျက်နှာသစ်လိုက်သည်။

"အေးပါတယ် ခိုရဲ့၊ အဆောင်ကရေဆို အခုအချိန်ထိ ပူနေဦးမှာ၊  လက်ဖက်ခြောက်ခပ်သောက်ချင်ရင်တောင် ပြန်တည်စရာမလိုဘူး"

သူကတော့ပြောရင်းရယ်မိပေမဲ့ ခိုကတော့ သူ့ပုံစံအတိုင်းပင် ရယ်ချင်သလိုလို မရယ်ချင်သလိုလိုဖြင့်ပြုံးကာ ရေဆက်ချိုးနေလေသည်။

"အစ်ကို ကျောကုန်း ကြေးတွန်းဦးမလား"

သူလည်း ခေါင်းညိတ်ရင်း အုတ်ကန်ဘေးတွင်အသင့်ထားရှိသော ပျဉ်ခုံအပုလေးတွင် ဝင်ထိုင်လိုက်သည်။ ခိုသည် စိတ်ရှည်လက်ရှည်ဖြင့် ဆပ်ပြာခွက်လေးဘေးချရင်း သူ့ကျောအား ကြေးတွန်းပေးလေသည်။ ခိုတို့ဂေဟာမှကောင်လေးများသည် တစ်ယောက်နှင့်တစ်ယောက် ရေချိုးတိုင်း အပြန်အလှန်ကြေးတွန်းပေးကြပုံပေါ်သည်။ ရေမြုပ်ဖပ်ခပ်ကြမ်းကြမ်းလေးသည် သူ့ကျောပေါ် ပြေးလွှားလှုပ်ရှားနေ၏။ ခိုကတော့ သူ့ကျောအားကြေးတွန်းပေးရင်း "ရင်သို့တိုးဝှေ့ဆဲပါ ခိုင်"အား  ညည်းဆိုနေပြန်သည်။

"ယုံပါရင်သို့တိုးဝှေ့ဆဲပါ ပိုင်..."

"အယ်"

ယခုတစ်ခေါက်တော့ သူပြတ်ပြတ်သားသားကြားလိုက်ရသည်မို့ အသံထွက်၍ပင် တအံ့တသြဖြစ်မိနေစဉ် ခို့ထံမှ ဟက်ခနဲရယ်သံလေးကိုကြားမိပြန်သည်။ ထိုအခါမှ ပို၍စိတ်ဝင်တစားဖြင့် လှည့်ကြည့်မိသောအခါ ခိုကမျက်နှာတည်လေးဖြင့် သူ့အလုပ်သူဆက်လုပ်နေပြန်၏။

ခိုWhere stories live. Discover now