Part 34

148 20 6
                                    

Unicode

ပူနွေးလှသည့်ရေပူများက ခို့ခန္ဓာကိုယ်ပေါ် တစ်ခွက်ချင်းဖြတ်၍ အပူဆင့်နေစေသည်။ အစ်ကိုမကြာခင်ရောက်လာတော့မည်ဖြစ်သည့်အတွက် အတွေးထပ်မများဘဲ ရေကိုသာခပ်သွက်သွက်ချိုးရသည်။ ထင်သည့်အတိုင်း သူရေချိုးပြီး ပြန်တက်လာလာချင်း သူ့ခုတင်ဘေးမှစာရေးစားပွဲဝိုင်းလေး၌ အစ်ကိုရောက်နေချေပြီ။ အစ်ကိုကတော့ အစ်ကို့ပုံစံအတိုင်း သူနှင့်တွေ့သည်နှင့် အနွေးထွေးဆုံးလေးပြုံးပြတတ်ဆဲဖြစ်သည်။ ထိုအပြုံးကိုမြင်တိုင်းလည်း သူပြန်ပြုံးပြမိသည်လား၊ တည်တံ့နေမိသည်လား သူမသိ။ သူသည်အတိုင်းလေးငေးမိပြီး ခေါင်းပြန်ငုံ့မိသည်ကိုသာသတိထားမိသည်။

အဝတ်အစားကိုချက်ချင်းမဝတ်နိုင်သေးဘဲ မိမိအိတ်ထဲမှ ဖော့ဘူးလေးနှင့် လိမ္မော်ရည်ဘူးကိုထုတ်ပြီးနောက် အစ်ကို့ရှေ့ချပေးလိုက်သည်။

"ကျောင်းကတစ်ယောက်ရဲ့မွေးနေ့မို့လို့ ကျွေးတာအစ်ကို၊ အစ်ကိုကြိုက်မလားလို့ ကျွန်တော်ယူလာတာ၊ ကိတ်မုန့်က ကျွန်တော်နည်းနည်းဖဲ့စားထားမိတယ်"

"သြော် ခိုရယ်၊ ယူလာသေးတယ်၊ ခိုစားတာမဟုတ်ဘူး"

သူပြန်မပြောတော့ဘဲ ကိုယ့်အဝတ်အစားကိုယ်သာ ဆက်လဲလိုက်သည်။ အစ်ကိုကတော့ သူစိတ်ချမ်းသာစေချင်၍လားမသိ၊ ခရင်မ်ပုံစံပျက်နေပြီဖြစ်သောကိတ်မုန့်လေးကို တစ်ဖဲ့ချင်းစား၍နေလေသည်။ စားနေရင်းသား နံရံမှခပ်နဲ့နဲ့သံမှိုတွင် သူချိတ်ထားမိသော ဇီးကြံထုပ်ကိုမြင်လေတော့ "ဟိုမှာဘာချိတ်ထားတာလဲ ခို"ဟုမေးသည်။

"ဇီးကြံဝယ်လာတာ အစ်ကို၊ အရည်ပျော်သွားတာနဲ့ပဲ...၊ ကျွန်တော်လွှတ်ပစ်ဖို့မေ့နေတာ"

"ခိုကဇီးကြံမကြိုက်ဘူးလားလို့ပါ၊ အစ်ကို့ဖို့ဝယ်လာတာလား"

သူခပ်သာသာခေါင်းညိတ်လိုက်ပြလိုက်ပြီးနောက် အစ်ကို့မျက်စိရှေ့တွင် ထိုဖျော်ရည်ထုပ်ကိုဆက်မထားချင်တော့သဖြင့် ထဖြုတ်မည်အပြု အစ်ကိုကသူ့အလျင်သွားဖြုတ်ပြီး ပိုက်နီနီလေးမှတစ်ဆင့် စုပ်သောက်လိုက်လေသည်။

"အစ်ကို"

"အွန်း...အရသာကောင်းပါတယ် ခိုရဲ့၊ ပေါ့မသွားဘူး၊ ကြည့်ရတာဇီးဖျော်ရည်က အနှစ်များသွားလို့နဲ့တူတယ်၊ ရေခဲပျော်မှအတော်သွားကျတယ်"

ခိုWhere stories live. Discover now