Unicode
ဝိုင်းစက်ထိန်ဝါသောလရောင်အား ဂေဟာအပေါက်ဝလေးတွင်ရပ်ရင်း ခိုငေးနေမိသည်။ လပြည့်နေ့မရောက်သေးသော်လည်း လပြည့်၏ပုံပန်းသဏ္ဍာန်သည် အတော်လေးပုံပေါ်၍နေချေပြီ။ အစ်ကိုလည်းလထွက်ကြည့်နေမည်လားမသိ။ စာမေးပွဲပြီးပြီးချင်း ဂေဟာပြန်လာနှင့်ပြီမို့ ယနေ့ညအစ်ကိုနှင့်မတွေ့ရ။ မနက်ဖြန်မနက်စောစောတော့ အစ်ကိုနှင့်ကိုကောင်းမင်းမြတ်ရောက်လာလိမ့်မည်။ အစ်ကိုတို့ရောက်သည်နှင့် စစ်ကိုင်းတက်မည့်ကားလေးလည်းထွက်လိမ့်မည်။
"မန်းရိပ်"
သူ့ပခုံးအားလာပုတ်လျက် ဘေးတွင်လာရပ်သူက ရဲနောင်။ အစ်ကို့ကိစ္စနှင့်ရန်ဖြစ်ပြီးကတည်းက ခိုနှင့်ရဲနောင်ကြား အေးစက်မှုတစ်ခုရောက်ရှိလာခဲ့သည်။ ပုံစံမပျက် မေးထူးခေါ်ပြောရှိသော်လည်း ယခင်လောက်တော့ ရင်းနှီးမှုမရှိတော့ချေ။ ဤသည်ကလည်း ခို့ဘက်ကတစ်ဖက်သက်အမြင်နှင့် ဆက်ဆံမှုလည်းဖြစ်နိုင်ပါသည်။ ရဲနောင် အစ်ကို့အားပြောခဲ့သည့်စကားများကိုပြန်တွေးတိုင်းလည်း သူစိတ်တိုရတတ်သည်။ အစ်ကို့သိက္ခာကို ထိပါးပြောဆိုတတ်သည့် ရဲနောင်ကိုသူအမှန်တကယ်ပင် သဘောမတွေ့ချင်တော့သော်လည်း ရဲနောင်ဘက်မှ ပုံမှန်လိုက်ဆက်ဆံနေ၍ ပြန်ပြောနေရသည့်ဆက်ဆံမှုဖြစ်သည်။
"လကြီးကလင်းထိန်နေတာပဲ၊ လှတယ်နော်"
ရာသီဥတု၏သာယာမှု၊ ကောင်းကင်၏ဖြစ်တည်မှုတို့အား လှလှပပပြောပြတတ်သူမှာ အစ်ကိုသာဖြစ်သည်။ ယခုကဲ့သို့ မရှိရှိရာစကားလာရှာပြောသော ရဲနောင်နှင့်တော့ မလိုက်မဖက်သာဖြစ်သည်။
"မန်းရိပ်"
ခိုမေးပြန်ဆတ်ပြလိုက်သည်။
"မနက်ဖြန် ခရီးက မင်းအစ်ကိုရောလိုက်မှာလား"
"ဟုတ်တယ်"
လရောင်သည် တိမ်ညိုတချို့စဖုံးလာပြန်သည်။ မိုးရွာဦးမည်ထင်သည်။ သီတင်းကျွတ်ပြီးလျှင်တော့ မိုးကုန်ကောင်းပါသည်။ ခို့အတွက်ကတော့ ဘယ်ရာသီဥတုကိုမဆို ပြီးသွားလျှင်ကောင်းမည်ဟုသာတွေးတတ်သည်။ အစ်ကိုသာဆိုလျှင်တော့ သည်ရာသီဥတုလေးကို သဘောကျလိုက်တာဟု ဥတုသုံးပါးတိုင်းဆိုတတ်သည်။ အစ်ကိုသဘောအကျဆုံးကတော့ နွေဦးဟုသူထင်သည်။ နွေဦး၌ သစ်ရွက်ကြွေများ တောင်လေပြင်းပြင်းတွင်လွင့်တိုင်း၊ ဖုန်တသောသောထလေတိုင်း၊ လေပွေရူးတို့မြူးလေတိုင်း အစ်ကိုကပုံမှန်လများထက် ပိုပြုံးလေ့ရှိသည်။ မကြာခဏဆိုသလို နွေဦးကံ့ကော်သီချင်းကိုလည်း ညည်းတတ်သေးသည်။
YOU ARE READING
ခို
Teen FictionUnicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ်ဆီ...