Part 18

219 22 15
                                    

Unicode

၁၂နာရီထိုးလုပြီ။ အချိန်ပြည့်ရန် သုံးမိနစ်ပဲလိုတော့သည်မို့ သူအဖြေလွှာအား ပြန်လည်စစ်ဆေးနေလိုက်ပြီးမကြာမီ အခန်းစောင့်ဆရာမတို့မှ အဖြေလွှာလိုက်သိမ်းကြလေတော့သည်။ ခန့်မှူးပိုင်လည်း စာမေးပွဲခန်းမှထွက်လာပြီး ကျောလေးဆန့်ရင်း လွယ်အိတ်ကိုယူလွယ်လိုက်သည်။ ပထမနှစ်ဝက်တော့ ပြီးဆုံးပြန်လေပြီ။ သုံးနာရီဆိုလျှင် ခိုတစ်ယောက် သူ့အား လာခေါ်မည်ဖြစ်သည့်အတွက် အဆောင်သို့ပြန်ကာရေချိုးထားရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှ နေ့လယ်စာပြန်ထွက်စားတော့မည်။ မဟုတ်ဘဲ အစားအရင်စားမိပါလျှင် သူရေချိုးရန်ပျင်းသွားလိမ့်မည်။

ခန့်သော်အား အခြေအနေမေးပြီးနောက် နေ့လယ်စာအတူမစားတော့ဘဲ သူအဆောင်သို့သာ ခြေဦးလှည့်ခဲ့တော့သည်။ တောင်အရပ်မှဝေ့ဝဲလာသောလေသည် အပူဓာတ်လေးကို ဆောင်ကြဉ်းရင်း မြောက်လေတို့ကို တွန်းလှန်နေချေပြီ။ နှင်းစွတ်ခဲ့သော ရွက်နုစိမ်းတို့က ရင့်ရော်ခြင်းကိုပြလျက်သား တောင်လေခပ်ပြင်းပြင်းလေး၌ စုန်ရင်းဆန်ရင်း၊ လူးရင်းလွန့်ရင်းသား အဖော်အပေါင်းတို့ဖြင့် သက်ဆင်းနေကြပြီဖြစ်၏။

မြောက်လေ တောင်လေ အမှတ်မထင်ဆုံတွေ့ဆုံရာမှ ဖြစ်ပေါ်လာသော လေပြွေငယ်လေးသည် ဖုန်သဲ၊ သစ်ရွက်အမှိုက်တို့ဖြင့် ကခုန်နေသည်။ အသက်ရှူလိုက်တိုင်းလည်း ဖုန်နံ့သင်းသင်းလေးက ပါလာပြန်လေသည်။ နွေ၏ အငွေ့အသက်တို့ဖြင့် စိတ်နှလုံးသည် လန်းဆန်း၍နေပြန်ပါ၏။

လေပြင်းတစ်ချက်အဝေ့။ အမှိုက်သရိုက်နှင့် သဲမှုန်တို့ တစ်ပြိုင်တည်း မြင်ကွင်းရှေ့လွင့်စင်သွားပြီးနောက် သူနှင့် ခုနစ်မီတာလောက်အကွာတွင် အင်္ကျီအဖြူလွလွ၊ မသစ်လွင်လှပေမဲ့ မဟောင်းနွမ်းလှသည့်ပုဆိုးလေးဖြင့် သူ့အားလှမ်းကြည့်လျက် ရပ်စောင့်နေသောကောင်လေးအား လှမ်းမြင်လိုက်ရသည်။

"ခို..."

သူဝမ်းသာအားရဖြင့် ခို့နာမည်ကိုခေါ်ဆိုရင်း အပြေးလေး ခို့ရှေ့အရောက်သွားမိသည်။

"ခို... ပြောတော့ ၃နာရီမှဆို..."

အမောတကောဖြင့် စကားဆိုနေသောသူ့အား ခိုသည် မျက်မှောင်လေးအနည်းငယ်ကြုတ်၍ ကြည့်ပြီးနောက် သူတို့နှင့်မလှမ်းမကမ်းတွင်ရပ်ထားသော ဆိုင်ကယ်လေး၏ခြင်းထဲမှ ရေဘူးလေးအားဆွဲယူပြီး သူ့အားလာပေးလေသည်။

ခိုWhere stories live. Discover now