Unicode
ဒသမတန်း အေ ဟုရေးထားသောအခန်းသို့ လျှောက်ဝင်လိုက်ရသည့်ခံစားချက်သည် ခို့အားစိတ်ဖိစီးမှုကို ဖြစ်စေခြင်းအလျင်းမရှိ။ အစ်ကိုနှစ်ယောက်၏သင်ပြမှုဖြင့် သူသင်ခန်းစာတို့၏ သုံးပုံပုံတစ်ပုံလောက်ကိုသင်၍ပြီးစီးခဲ့ချေပြီ။ ကျောင်းခန်းထဲတွင် ခို့ထက်အလျင်ရောက်နေသောကျောင်းသားတချို့ရှိပြီး အသီးသီးက ကိုယ်နှစ်သက်သာနေရာတို့တွင် ဦးထားကြပြီဖြစ်သည်။ ခိုကတော့ မိမိ၏ရှည်လျားသောခါးရိုးကိုအားနာရသည်ကြောင့် နောက်ဆုံးတန်းတွင်သာ ထောင့်ကပ်ထိုင်လိုက်သည်။
ရှစ်တန်း၊ ကိုးတန်း နှစ်နှစ်စလုံးသူ့ဘေးတွင်ထိုင်သွားသော မေးထူးခေါ်ပြောအသိကတော့ ဆယ်တန်းနှစ်မို့ ကိုယ်ပိုင်ကျောင်းတစ်ခုသို့ပြောင်းရွှေ့သွားပြီဖြစ်ရာ သူ့အနားတွင်အသိမကျန်တော့ပြန်ချေ။ ခိုဆိုသည့်လူ၏ကံကိုက တစ်ဦးတည်းသီးခြားရပ်တည်မို့ ဖြစ်တည်လာခဲ့သည်လားမသိ။ ရင်းနှီးသူ၊ ချစ်ခင်သူရှိလေတိုင်း အလိုလိုခွဲခွာရတတ်သည့်ကံကြမ္မာရှိတတ်သည်။
အစ်ကိုဝယ်ထားပေးသည့် ဖြူဖွေးသစ်လွင်နေသောကျောင်းအင်္ကျီအဖြူလေးကြောင့် ရှေ့စာရေးခုံသို့ သူလက်ရဲရဲမချနိုင်ချေ။ အဖြူလေးကစွန်းထင်းသွားလျှင် အရောင်ချွတ်ရခက်လွန်းလို့၊ ပြန်မဖြူနိုင်လွန်းလို့။ သို့ပေမဲ့ သေချာလျှော်လျှင်တော့ အနည်းငယ်အရောင်ကျွတ်နိုင်ပါသေး၏။ မဖြူတော့ဘဲအရောင်စွန်းနေသည့် သူ့စိတ်လိုမျိုးတော့ တစ်နေ့တခြားအရောင်ရင့်မလာ။ ထိုစိတ်။ အစ်ကို့အပေါ်ထားမိသည့်ထိုစိတ်။ မည်သည့်အချိန်တွင် မည်သို့ပေါ်လာပြီး မည်သို့မျှပြန်လည်းဖျောက်၍မရနိုင်တော့သော ထိုစိတ်။
"မန်းရိပ်..."
သူ့နာမည်ကိုခေါ်လာသည့် အသံခပ်စူးစူးကလေးတစ်ချက်က အာရုံအလုံးစုံကို ဖြိုခွင်းချလိုက်လေသည်။ ခေါ်သူက ဆံပင်နှစ်ဖက်ခွဲလေးကိုမြှောက်စည်းပြီး သွားထက်အထက်ထက်အပြုံးလေးဖြင့် မိန်းကလေးတစ်ယောက်။
"ရော့..."
ဖော့ဘူးအဖြူလေးတစ်ဘူးကိုကမ်းပေးလာသောအခါ သူအသာတကြည်ယူပြီး ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ဤမိန်းကလေးကို ကိုးတန်းကတည်းကပင် ခိုကောင်းကောင်းသိသည်။ သိရသည့်အကြောင်းကားလည်း သူ့တွင်အထွေအထူးနေ့ရက်လေးရှိလေတိုင်း တစ်တန်းလုံးကိုမုန့်လိုက်ဝေတတ်သောကြောင့်ဖြစ်၏။ နားစွန်နားဖျားရှိသလောက် ဖခင်ကဆန်ကုန်သည်ဟုထင်မှတ်မိသည်။ ရေရောရာရာတော့ ခိုမသိ။
YOU ARE READING
ခို
Teen FictionUnicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ်ဆီ...