Part 30

187 20 12
                                    

Unicode

ခပ်ပြင်းပြင်းတိုက်သောလေတွင် မိုးစက်တို့ကလည်း အပြိုင်ပြေးလွှားနေရသည်။ ကိုယ်ခန္ဓာပေါ်လွှားခြုံထားသော စောင်ပါးပါးသည် အအေးဒဏ်ကို အံတုနိုင်တော့ဟန်မတူ။ ခန့်မှူးပိုင် ဒူးပါကွေး၍ ခပ်ခွေခွေနေနေရသည်။ သူ့မျက်စိရှေ့မှခိုကတော့ စာဖတ်ဆဲ၊ စာကျက်ဆဲရှိ၏။

ဂေဟာခေါင်းမိုးလေးကတော့ သူတို့ကျောင်းသားများအကူနှင့် ခိုစုခဲ့သောလုပ်အားခတို့ပေါင်းလျက် သစ်လွင်သွားခဲ့ပြီဖြစ်သောကြောင့် မိုးယိုသဖြင့် ဧည့်ဆောင်ရွှေ့ရတာမျိုးမရှိတော့ချေ။ ဝမ်းသာစရာပေမဲ့ လွမ်းတော့လည်းလွမ်းချင်စရာ။ မိုးသံလေးများကြားသည်နှင့် အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး ဧည့်ဆောင်တွင် စုအိပ်ခဲ့ရသည်များကို ယခုထိ သူမမေ့နိုင်သေး။ ယခုတော့ ခေါင်းမိုးလေးလည်းကောင်းသွားလေပြီး သူလည်း ဂေဟာတွင် ကိုယ်ပိုင်ခုတင်ပါ ရလာခဲ့တော့သည်။

"အစ်ကိုဘယ်လဲ"

စောင်ကိုဖယ်ခွာရင်း ထလိုက်သောသူ့ကြောင့် ခိုစာကျက်ပျက်သွားပုံရသည်။

"ရေအိမ်ခဏပါ"

သူရေအိမ်သို့သွားပြီး ပြန်လာသည့်အခါ ခိုနှင့်ပိုင်ပိုင်တို့ ကပ်လျက်ရှိနေကြသည်။ ခိုသည် သူပြန်လာသည့်ခြေသံကို မိုးသံကြောင့်ကြားပုံမပေါ်။ နားပါးလှသည့်သူသာ ခိုနှင့်ပိုင်ပိုင်ပြောနေသည်ကို ကောင်းကောင်းကြားလိုက်ရသည်။ ခိုကသူ့အား ဂေဟာသို့ မည်သူလာပို့သနည်းမေးနေခြင်းဖြစ်သည်။ ထိုအခါ ပိုင်ပိုင်က ကောင်းမင်းမြတ်လာပို့ကြောင်းဖြေလေသည်။

"အဲ့ဒီအစ်ကိုစီးတဲ့ဆိုင်ကယ်ကြီးက ရှယ်ကွ မန်းရိပ်ရ၊ သိလား၊ ငါတော့ အဲ့ဒါမျိုးကြီး ဒီတစ်သက်စီးရရင် အာဂလူဖြစ်ပြီပဲ၊ ငါတို့ဆီက တစ်စီးတည်းသော စူပါကတ်နဲ့တော့ကွာပါ့ကွာ"

ရယ်ကျဲကျဲဖြင့် အပိုစာသားများပြောနေသော ပိုင်ပိုင်စကားများကို ခိုက ခေါင်းတဆတ်ဆတ်ညိတ်လျက် နားထောင်ပေးပြီးနောက် စာဆက်ကျက်နေတော့သည်။ ထို့နောက် ခုတင်ပေါ်ပြန်ရောက်လာသည့်သူ့အား သတိထားမိသည့်အခါ ခိုသည် သူ့ခုတင်ခြေရင်းမှစောင်လေးကို လှမ်းကမ်းလေသည်။

ခိုWhere stories live. Discover now