Unicode
"စားစရာသောက်စရာများပေးလှူသော မွေးနေ့ရှင် ကိုကြီးမန်းရိပ်၊ ကျန်းမာချမ်းသာပါစေ၊ ဆန္ဒတိုင်း မတောင်းဘဲ ပြည့်ဝပါစေ"
လက်အုပ်ကလေးကိုယ်စီချီရင်း သူသင်ပေးထားသည့်အတိုင်း ဆုတောင်းမေတ္တာပို့သမှုအား ဆိုနေကြသည့်ကလေးများကိုကြည့်ရင်း သူမျက်ရည်ဝဲတက်လာမိသည်။ ခိုသည်လည်း သူ့နည်းတူ မျက်ရည်လေးဝေ့လျက်ရှိနေပြန်သည်။ ထို့နောက်တွင် သူရှိရာသို့ မျက်နှာမူလာပြီး "ကျေးဇူးပါပဲ အစ်ကို"ဟုဆိုလျက် ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် ကလေးများအား ကြည့်နေလေတော့သည်။ အရည်ကြည်ဝေ့သောမျက်ဝန်းတို့ကို ဆက်တိုက်ပုတ်ခတ်ကာ မျက်ရည်သိမ်းရင်း ပြုံးနေရှာသော သည်ကောင်လေးကိုကြည့်၍ သူ့မှာကရုဏာကသက်ရပြန်ပါ၏။
ခိုနှင့်ပတ်သက်လျှင် ကရုဏာချည်း...။
"ခို"
"ပြောလေ အစ်ကို"
"ပြီးရင် အစ်ကိုတို့ ခိုစာသွားကျွေးကြရအောင်လေ"
ထိုနေ့တစ်နေ့လုံး သူ ခိုနှင့်အချိန်ကုန်ဆုံးဖြစ်ခဲ့သည်။ ခိုလည်း မွေးနေ့မို့ စိတ်ကြည်လင်နေပုံရသည်။ မျက်နှာလေးတွင် အပြုံးရိပ်ရိပ်ကလေး မကြာခဏတွေ့ရတတ်သည်။ ခိုစိတ်ချမ်းသာနေသည်ကိုမြင်ရလေတော့ သူကိုယ်တိုင်ပါ လိုက်၍စိတ်ချမ်းသာခဲ့ရသည်။
"ကျောင်းဖွင့်မှ ပြန်တွေ့မယ်နော် ခို"
ခိုသည် အင်း၊ အဲပင်မလုပ်ဘဲ ခေါင်းကိုသာအသာညိတ်ရင်း ဆိုင်ကယ်လေးနှင့်အတူ ထွက်ခွာသွားတော့သည်။ သူလည်း မားနှင့်မေမေလေးအား သူပြန်ရောက်ပြီဖြစ်ကြောင်း သတင်းသွားပို့ရန်အတွက် ဟိုတယ်အတွင်းဝင်လာခဲ့တော့သည်။
"မေမေလေး... သားပြန်ရောက်ပြီ၊ မားရော... ပြန်မလာသေးဘူးလား"
"ဟုတ်တယ် ခန့်မှူးလေး"
"သြော်... ဒါဆိုလည်း သားအခန်းထဲသွားနားလိုက်ဦးမယ်နော်၊ မားလာမှ ထမင်းတူတူစားတော့မယ်"
"ခန့်မှူးလေးမားက နောက်ကျမှာလားမသိဘူး၊ ဗိုက်ဆာရင်ပြောလေ၊ မေမေလေးနဲ့ အောက်မှာဆင်းစားကြမယ်"
YOU ARE READING
ခို
Teen FictionUnicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ်ဆီ...