Part 14

181 26 0
                                    

Unicode

ကျောင်းပိတ်ရက်၌ ယခင်ကကဲ့သို့ စာအုပ်ချည်းဖတ်၍မကုန်ဆုံးဖြစ်ဘဲ ခို့အကြောင်းများကို မေမေလေးအားပြောပြရင်းသာ အချိန်ပိုကုန်ခဲ့သည်။ မေမေလေးကတော့ ပြောသမျှပြုံးရင်းသာနားထောင်ပေးလေသည်။

"ငါ့သားက အဲ့ဒီကောင်လေးကို တော်တော်သံယောဇဉ်ရှိတာပဲ"

"ဟုတ်တယ် မေမေလေး၊ သား ခို့ကိုအရမ်းခင်တယ်၊ ခိုကတကယ်သနားဖို့ကောင်းတယ်၊ ဒါပေမဲ့ အားလည်းကျတယ်၊ ခိုကသားထက်ပိုရင့်ကျတ်တယ်"

"အေးပါကွယ်၊ ဟုတ်ပါပြီ၊ မေမေလေးပြန်ရောက်တဲ့နေ့ကတည်းက ဒီအကြောင်းပဲပြောရတာ မမောဘူးလား၊ နေ့တိုင်း ခို ခို ခိုနဲ့ကြားနေရလို့ မေမေလေးတောင် ခိုတွေလိုညည်းချင်လာပြီ"

"သားကိုငြိုငြင်ချင်ပြီလား"

ရုပ်တည်လေးဖြင့်မေးတော့ မေမေလေးသည် သူ့ငယ်ထိပ်အားလှမ်းခေါက်သည်။ ထို့နောက် "မေမေလေးမကြိုက်ဘူးနော်"ဟုဆိုကာ မျက်စောင်းထိုးသည်။ ဖခင်နှင့်တွေ့စဉ်ကရော အဆင်ပြေပါရဲ့လားဟုမေးသည်။ သူလည်း ဖခင်နှင့်အတူအချိန်ဖြုန်းခဲ့သည်များကို ပြန်ပြောပြဖြစ်သည်။ မိခင်ဖြစ်သူကိုတော့ ခို့အကြောင်းနှင့် ဖခင်နှင့်အတူရှိဖြစ်ခဲ့သည့်အချိန်များအကြောင်းကို အကြမ်းဖျင်းသာပြောပြဖြစ်၏။ အလုပ်များသောမားကို သူထပ်၍အလုပ်မရှုပ်စေချင်ပေ။ ကျောင်းပိတ်ရက်တွင်တောင်မှ မိခင်နှင့်မျက်နှာချင်းဆိုင်နိုင်ရန် မနက်စောစောထမှ အလုပ်သွားချိန်နှင့်တိုးကာဆုံနိုင်သည်။ ညဆိုလျှင်လည်း သူအိပ်လုမှမိခင်ကပြန်လာတတ်သည်။ ထို့အပြင် ခရီးသွားနေရသည်ကများတော့ အိမ်၌သူနှင့်မေမေလေးသာ အမြဲရှိနေတတ်လေသည်။

ဒုတိယနှစ်တက်ရန် သူအတော်လေးတက်ကြွနေပြီဖြစ်သည်။ ကျောင်းမြန်မြန်ဖွင့်မှ ခိုနှင့်ဆုံနိုင်မည်။ ခို့အားတတ်နိုင်သရွေ့ကူညီနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းဖွင့်ရန် သူမျှော်လင့်နေခဲ့သည်။ ကျောင်းစရောက်သည့်နေ့ချင်း အခန်းအတွက်မဲနှိုက်ကာ ပစ္စည်းချပြီးသည်နှင့် ဖက်ထုပ်ဆိုင်သို့အရင်ပြေးသည်။ သို့သော် ခို့နေရာတွင် ပိုင်ပိုင့်ကိုသာတွေ့သည်။ ခိုကျောင်းစတက်နေသဖြင့် ပိုင်ပိုင်အလုပ်ဝင်လေခြင်းလားဟု တွေးမိသည်။ ရောက်လက်စနှင့်ဆိုင်ထဲဝင်လေတော့ ပိုင်ပိုင်သည် သူ့ထံအပြေးလေးရောက်လာသည်။

ခိုWhere stories live. Discover now