#Unicode
ချစ်ခြင်းမေတ္တာက လူတွေကို နူးညံ့သိမ်မွေ့စေတတ်ပါသလား။ ဒါမှမဟုတ် ဆန့်ကျင်ဘက်လား။ သံသာ့ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ဟပ်လာဖို့ မျှော်လင့်ခဲ့မိပေမယ့် အခုတော့....
"သမီး ပြန်လာပြီလား"
ကိုယ့်အတွေးနဲ့ကိုယ် အိမ်ဦးခန်းသို့ လေးလေးပင်ပင် ခြေချလိုက်စဥ်မှာပင် မာ့မီ့အသံကြောင့် သံသာ့မျက်နှာထက်၌ အပြုံးတုတစ်ခုကို ဖန်တီးလိုက်ရသည်။
"ဟုတ် မာမီ"
"ဟင်...နှုတ်ခမ်းက ဘာဖြစ်လာတာတုန်း... ပြစမ်းသမီး"
ဤဒဏ်ရာကို တွေ့လျှင် မာမီဤကဲ့သို့ စိတ်ပူစွာ တရစပ် မေးခွန်းထုတ်တော့မည်ကို သံသာအတပ်သိခဲ့သဖြင့် အလိမ်အညာစကားများကလည်း အစီအစဥ်တကျပင် သံသာ့နှုတ်ဖျားမှ ထွက်လာလေသည်။
"သံသာ ချော်လဲလို့ နှုတ်ခမ်းကွဲသွားတာပါ.. စိတ်မပူပါနဲ့"
"ပြစမ်းပါဦး... "
"သံသာအိပ်ချင်လို့ မာမီ.... အပေါ်တက်တော့မယ်"
မာမီ့ကို စကားစဖြတ်ကာ သံသာအမြန်အပေါ်တက်ခဲ့သည်။ မဟုတ်လျှင် မေးခွန်းပေါင်းမြောက်များစွာနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလော။"ဒေါက် ဒေါက် ဒေါက်"
ကုတင်ပေါ်၌ လှဲလိုက်ရုံပင်ရှိသေးသည်။ တံခါးခေါက်သံကြောင့် တဖန် ထလိုက်ရပြန်သည်။
"ဘယ်သူတုန်း"
"မာမီပါ..."
တံခါးဖွင့်လိုက်သည်နှင့် အဝ၌ ဆေးဗူးကိုင်ကာ ရပ်နေသည့် မာမီ့ကို တွေ့လိုက်ရသည်။
"ဆေးလိမ်းပေးမလို့... "
"ဟုတ်... မာမီ...ဝင်ပါ"
ကုတင်ပေါ်၌ ထိုင်နေသည့် မာမီ့ပေါင်ပေါ် ခေါင်းအုံးကာ လှဲချလိုက်သည်။ မာမီကတော့ သံသာ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးပြီးနောက် နှုတ်ခမ်းအနာကို ဆေးထည့်ပေးနေလေသည်။ ဆေးထည့်နေရင်းပင် သံသာ့မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာလေသည်။
"ဘာလို့ငိုနေတာလဲ... ဝမ်းနည်းနေတာလား သမီး"
"မာမီ..."
မိခင်ကိုတ,ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသည့် သမီးကြောင့် ကျမရင်ထဲ မည်သို့မှ မကောင်းပါ။
"ဘာဖြစ်တာလဲ သမီးလေးရယ်... "
မျက်ရည်များကို သုတ်ပေးနေသည့်ကြားမှာပင် ထပ်မံ၍ တားဆီးမရအောင် ကျဆင်းလာပြန်သည်။ ဤကဲ့သို့ သံသာ စိတ်ထိခိုက်ကြေကွဲစွာ ငိုနေသည်မှာ ပထမဆုံးပင်။
YOU ARE READING
အဆိပ်