Part (14)

1.5K 125 41
                                    

Unicode

မမပန်းကို ထိုင်စောင့်ပေးနေရင်း သံသာ အတွေးနယ်ချဲ့နေမိသည်။ မမပန်းအပေါ် မှာ သံသာလွန်သွားပြီလားဟူသော စိတ်တို့ဖြင့် သံသာ ဝမ်းနည်းလာရသည်။ အထူးသဖြင့် ဤကဲ့သို့သော မမပန်း၏ ပြိုလဲလုနီးပါး ပုံစံကို မြင်တွေ့လိုက်ရ သဖြင့် အလွန်အမင်းအံ့အားသင့်ရပါသည်။

"တစ်ညလုံး မအိပ်ပဲ ငါ့ကိုထိုင်ကြည့်နေမလို့လား"
သံသာ့ဘက်သို့လှည့်ကာ သောက်လက်စ ကော်ဖီခွက်ကိုချလိုက်ပြီး ပြောသည့်စကားပေ...
"သံသာ့ကို နည်းနည်းလေးတောင် ရင်မဖွင့်ချင်ဘူးလား မမပန်း"
"ဟင့်အင်း..."
မမပန်း၏ အက်ကွဲနေသည့်အသံက မျက်ရည်များ စီးဆင်းလာတော့မည့် လက္ခဏာဆိုတာကို သံသာ အတပ်သိလိုက်ပါသည်။

မဆိုင်းမတွပင် မမပန်း၏ အနားသို့ကပ်ကာ နွေးထွေးစွာ ပွေ့ဖက်ထားလိုက်မိသည်။ သံသာ့ ဝဲဘက်ရင်အုံမှ နှလုံးသားလေးလည်း နာကျင်နေရပါသည်။
"မငိုပါနဲ့ ဆိုပြီး မတားပါဘူး... ဝအောင်သာငိုလိုက်ပါ မမပန်း..."
ယခင်ကဆိုလျှင် သံသာ့ရင်ခွင်ထဲရောက်သည်နှင့် ရုန်းလေ့ရှိသည့် မမပန်းက ယခုတော့ မလှုပ်မယှက် ငြိမ်နေလေသည်။
"မမပန်း သံသာ့ကို ရင်မဖွင့်ချင်လည်း ရပါတယ်။ အားရပါးရသာ ငိုချလိုက် ဟုတ်ပြီလား"
စက္ကန့်ပိုင်းအကြာတွင် သံသာ့ရင်ခွင်ထဲ၌ ငြိမ်သက်စွာ ရှိနေသော မမပန်း၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် လှုပ်ခါလာကာ ရှိုက်ကြီးတငင် ငိုကြွေးပါတော့သည်။
သံသာကတော့ မမပန်း၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးရုံကလွဲ၍ ဘာတစ်ခုမျှ မတတ်နိုင်ခဲ့ပါ။

"သံသာလေး"
ညက မမပန်းကို ကလေးလေးတစ်ယောက်လို ချော့မြူရင်း ဘယ်လိုပင် အိပ်ပျော်သွားသည်မသိပါ။ ဒေါ်ဒေါ်သီ့ အသံကြားမှ မနက်မိုးလင်းနေပြီဖြစ်မှန်း သံသာသိတော့သည်။
"တစ်ညလုံး ဆိုဖာပေါ်မှာပဲ နှစ်​ယောက်သား မှီလျက်ကြီး အိပ်ပျော်နေတာပဲကိုး...ဒေါ်သီ လာမကြည့်မိလိုက်ဘူး သံသာလေးရယ်"
"ရပါတယ် ဒေါ်ဒေါ်သီ... သံသာ ဘာမှမဖြစ်ပါဘူး"
မမပန်းကတော့ သံသာ့ရင်ခွင်ထဲ၌ အပြစ်ကင်းသော ကလေးငယ်တစ်ယောက်ကဲ့သို့ အိပ်ပျော်နေဆဲပါ...
"ဒါဆို ဒေါ်သီ မနက်စာပြင်လိုက်ဦးမယ်နော်..."
"ဟုတ်ကဲ့ ဒေါ်ဒေါ်သီ "
ဒေါ်ဒေါ်သီ့ကို ပြုံးပြလိုက်ကာ မမပန်း၏ ဦးခေါင်းထက်ကို အမြတ်တနိုး နမ်းရှိုက်လိုက်သည်။
စိတ်ထဲတွင်တော့ ဤအိပ်မက်ဆိုးမှ မမပန်း လွတ်မြောက်နိုင်ရန် မျှော်လင့်လျက်ပင်...

အဆိပ်Where stories live. Discover now