Part (19)

566 69 6
                                    

#Unicode

သံသာ့ကို ကျောခိုင်းကာ လှည့်ထွက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိန်းချုပ်ထားသော မျက်ရည်စတို့ကို စီးဆင်းခွင့်ပေးလိုက်သည်။ သူမအပေါ် ပြုမူခဲ့မိသော အပြုအမူများအတွက် ပန်း အမှန်တကယ်ပင် စိတ်မကောင်းဖြစ်မိပါသည်။ သို့သော်လည်း တောင်းပန်ဖို့အရေးတော့ စိတ်ကူးထဲပင် ထည့်မတွေးချင်ခဲ့ပါ။

သံသာ့အနားရှိနေစဥ်၌ ထူးဆန်းစွာပင်
ဝဲဘက်ရင်အုံမှ နှလုံးခုန်သံတို့က ထိန်းမရအောင် မြန်နေခဲ့သည့်အကြောင်းကို ပန်းတစ်ယောက်သာသိပါသည်။ ဤအရာကို အချစ်ဟူ၍ ခေါင်းစဥ်တော့မတပ်ချင်ပါ။

လျင်မြန်စွာခုန်နေသည့် နှလုံးသားတစ်ခုကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ရင်ဘတ်ကို ခပ်တင်းတင်းဖိထားလိုက်သည်။ မျက်ရည်စများကလည်း အဆက်မပြတ်ကျဆင်းလျက်ရှိနေသည်မို့ ပတ်ဝန်းကျင်ကိုပင် ရှင်းလင်းပြတ်သားစွာ မမြင်ရပါ။

"အဆင်ပြေရဲ့လား အမပန်းမြတ်"
ပန်းကို အောက်ထပ်သို့ ပြန်လိုက်ပို့ပေးနေသည့် ရတီ့အသံကြားတော့ ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် ခန္ဓာကိုယ်က ယိုင်လဲချင်နေသည်ကိုတော့ ခြေလှမ်းများက သက်သေပြလျက်ရှိနေပါသည်။

ရုတ်တရက် တစ်စုံတစ်ယောက်၏ ဆွဲယူခြင်းကိုခံလိုက်ရသည်မို့ မနည်းညီအောင် ထိန်းထားရသည့် ဟန်ချက်က ပျက်ချင်သလိုလိုဖြစ်သွားသည်။ ပန်း သတိထားမိချိန်၌ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်နှင့်နေပါပြီ။ မွှေးပျံ့ပျံ့ကိုယ်သင်းရနံ့တစ်ခုကို ရလိုက်သည်မို့ ဤရင်ခွင်ပိုင်ရှင်မည်သူမှန်း မော့ကြည့်စရာမလိုအောင်ပင် သိနေပြီဖြစ်သည်။

"သွားတော့ ရတီ... ငါလိုက်ပို့လိုက်မယ်"
"ဟုတ်ကဲ့ Boss"
အမိန့်ဆန်ဆန်အသံတစ်ခု၏ အဆုံး၌ အဝေးသို့လျှောက်လှမ်းသွားသည့် ခြေလှမ်းတို့ကို အတိုင်းသားကြားနေရသည်။ သို့သော်လည်း ခေါင်းကိုငုံ့ထားမြဲ ငုံ့ထားဆဲပင်။ သံသာ့မျက်နှာကို မော်ကြည့်ဖို့ ခွန်အားနှင့်သတ္တိ ပန်းမှာ မရှိတော့ပါ။

"သံသာ့ကို မော့ကြည့်ပါဦး..."
အသည်းမာသည့် အမျိုးသမီးက သံသာ့ထံမှ ရုန်းထွက်ရန် ပြင်နေသည်မို့ ပိုမို၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
"မရုန်းပါနဲ့... ငိုချင်နေရင် ငိုချလိုက်... ဒီရင်ခွင်က အမြဲတမ်း မမပန်းအတွက်ပဲ..."
သံသာ့စကားအဆုံး၌ မမပန်းက သံသာ့ရင်ဘတ်ကို မျက်နှာအပ်ကာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးပါတော့သည်။

အဆိပ်Where stories live. Discover now