Part (24)

980 59 9
                                    

#Unicode

ကန်ရေပြင်စပ်နားက ထိုင်ခုံလေးဆီသို့ တရွေ့ရွေ့သွားနေသည့် ခြေလှမ်းများက သုံးပေလောက်အကွာတွင် တုန့်ကနဲရပ်သွားလေသည်။ ထို့နောက် ဟူးကနဲ သက်ပြင်းချသည့်အသံထွက်ပေါ်လာသည်မို့ ထိုင်နေသည့် ဝေယံက လှည့်ကြည့်လာတော့သည်။
"နွယ်... "
နွယ် လည်းပြုံးပြလိုက်ပြီး ဝေယံ့အနားသို့လျှောက်သွားတော့ ဝေယံက သူမရှိရာသို့အလျင်အမြန်ထ၍ ဖက်လိုက်သည်။
"ကိုဝေယံ... လူမြင်ကွင်းကြီးမှာနော်"
"ကိုယ်အရမ်းလွမ်းနေတာ...နွယ်"
နွယ်ကလည်း သူမ၏လက်နှစ်ဖက်နှင့် ပြန်လည်သိုင်းဖက်ပေးလိုက်သည်။ ထို့နောက်
"ကိုဝေယံ"
"ပြောပါ...နွယ်"
"နွယ့်မှာ ပန်းချီကားပါတယ်... ကားပေါ်မှာ ထားခဲ့တာ လိုက်ကြည့်ချင်လား"
"သေချာတာပေါ့ နွယ်ရယ်.."

နှစ်ယောက်သား ကားရပ်ထားရာနေရာသို့ လက်ချင်းတွဲကာ တရွေ့ရွေ့လျှောက်သွားနေကြသည်။ သို့သော် မည်သည့်စကားတစ်ခွန်းမှ မပြောကြပေ။

"ကားပေါ်တက်လိုက်...ကိုဝေယံ"
နွယ်ကိုယ်တိုင်က ကားတံခါးဖွင့်ပေးသည်မို့ ဝေယံလည်း အလိုက်သင့် ဝင်ထိုင်လိုက်သည်။ ထို့နောက် နွယ်လည်း ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်ကာ သူမဆွဲထားသည့် ပန်းချီကားကို အနောက်ထိုင်ခုံမှယူ၍ ဝေယံ့လက်ထဲထည့်ပေးလိုက်လေသည်။

"ဘာမြင်လဲ ကိုဝေယံ"
ဝေယံက သေချာစေ့စပ်စွာကြည့်ပြီးနောက်
"ကလေးတစ်ယောက်ပုံ... အင်း....သူကပြုံးနေပေမယ့်....ဝမ်းနည်းနေသလိုပဲ သူ့ကြည့်ရတာ.."
"မှန်တယ်... ကိုဝေယံ"
"ဘာလို့ ဒီပန်းချီကားကို ကိုယ့်ကိုပြတာလဲ"
"အဲ့ဒါ နွယ့်ငယ်ဘဝနဲ့ ဆက်စပ်နေလို့ပါ"
"နွယ်ရယ်..."
"စကားဖြတ်မပြောပါနဲ့... နွယ်ပြောတာကို ဆုံးအောင်နားထောင်ပေး...."
"ကောင်းပါပြီ.."

"နွယ့်ကို မိဘတွေက မလိုချင်လို့ စွန့်ပစ်ခဲ့တာလေ"
ဝဲတက်လာသည့် သူမ၏မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်ရင်း...
"နွယ့်ကိုမလိုချင်တော့လို့ စွန့်ပစ်ခဲ့တဲ့ နွယ့်မိဘတွေက မိဘမဲ့ဂေဟာကို ယောင်လို့တောင် လာမကြည့်ခဲ့ကြဘူး..နှစ်တိုင်း နွယ့်မွေးနေ့မှာ သူတို့ကို မျှော်နေခဲ့ရတာ နွယ့်လည်ပင်းတောင် ရှည်ထွက်လာပြီထင်ခဲ့ရတဲ့အထိပဲ..."
ဤတစ်ကြိမ်တွင်တော့ ပါးပြင်ပေါ်သို့ စီးဆင်းလာသည့် မျက်ရည်စများကို ဝေယံကိုယ်တိုင်ပင် သူ၏ လက်ဖမိုးဖြင့် ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။
"နွယ့်ကို စွန့်ပစ်ပြီးတဲ့နောက် သူတို့ကိုယ်စီ နောက်အိမ်ထောင် ထူထောင်ခဲ့ကြတယ်.. သူတို့ကိုယ်ပိုင်ဘဝတွေနဲ့ ပျော်ရွှင်နေကြတဲ့အချိန်မှာ နွယ်ကတော့ သူတို့ကိုမျှော်ပြီးရင်း မျှော်နေခဲ့မိတာ... နောက်တော့ တဖြည်းဖြည်းနဲ့ နွယ် နားလည်လာတယ် စွန့်ပစ်ခဲ့ပြီဆိုကတည်းက ဘယ်တော့မှ ပြန်လှည့်ကြည့်တော့မှာမဟုတ်ဘူးဆိုတာ.."

အဆိပ်Where stories live. Discover now