"ချောက်..."
တိုက်ခန်းတံခါးကိုဖွင့်ပြီးဝင်လာသည်နှင့် အလင်း ရောင်မရှိမှောင်မဲနေတာကြောင့် ဖိနပ်စင်ဘေးနားကမီးခလုတ်တွေကိုဖွင့်ဖို့ ဝမ်ရိပေါ်ကြိုးစားလိုက်သည်။
"ချောက်...ချက်..."
မီးခလုတ်ကို အထက်အောက်စုန်ဆန်ချည်ဖွင့်လိုက်သော်လည်း မီးမလင်းလာသည့်အတွက် မိန်းခလုတ်တွေရှိရာသို့ ဖုန်းမီးအကူအညီဖြင့် သွားလိုက်၏။
"မိန်းခလုတ် ကျနေတာပဲ..."
တစ်ယောက်တည်း ရေရွတ်ရင်း အဓိကမိန်းခလုတ်များကို ပြန်တင်လိုက်သည့်အခါ တိုက်ခန်းငယ် လေးအတွင်း မီးရောင်များဖြင့်လင်းထိန်လို့သွား၏။ ဝမ်ရိပေါ် လက်ထဲကဖုန်းမီးကိုပြန်ပိတ်လိုက်ပြီးနောက်တစ်လက်စတည်း အသည်းပုံတွေကာရန်ထားတဲ့ နာမည်လေးတစ်ခုကိုနှိပ်၍ခေါ်လိုက်သည်။
"တူ...တူ...တူ..."
ဖုန်းဝင်သွားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသည့်အခါ နောက်တစ်ခေါက်ထပ်ကြိုးစား၏။ သုံးခေါက်မြောက်အထိခေါ်လို့မရသည့်အခါ စာတစ်စောင်သာပို့လိုက်သည်။
"ဒီနေ့နောက်ကျမှာလား စားရောစားပြီးပြီလား...အစားစားချိန်မကျော်စေနဲ့နော်...ချစ်တယ်..."
"ဒီနေ့ဘာနေ့လဲဆိုတာ..."
နောက်ထပ်စာတစ်စောင်ပို့ဖို့ကြံရွယ်လိုက်ပေမယ့် ဝမ်ရိပေါ် ပြန်ဖျက်လိုက်ပြီးလက်ထဲက ဖုန်းကိုချ၍ တီဗီရှေ့ဝင်ထိုင်လိုက်ကာ ကြုံရာလိုင်းတစ်ခုကို ကြည့်ဖို့ပြင်လိုက်သည်။ ထိုစဉ် ရုတ်တရက်ကြီး တိုက်ခန်းက တစ်ဖန်အမှောင်ဖုံးသွားတာကြောင့် ဝမ်ရိပေါ်နေရာကထ၍ မီးခလုတ်တွေရှိရာသို့သွားဖို့ပြင်လိုက်စဉ်...
မီးပန်းငယ်လေးတစ်ခုဟာ မှောင်မိုက်နေသည့် တိုက်ခန်းထဲတွင် ပေါ်ထွက်လာသည်။ ရုတ်တရက်ဖြစ်၍ ဝမ်ရိပေါ်ကြောင်အမ်းနေစဉ် အိပ်ခန်းဘက်မှ ကိတ်မုန့်လေးကိုင်ပြီးထွက်လာသည့် တစ်ယောက်သောသူက အရှေ့သို့ရောက်လာကာ...
"၂၁ နှစ် မွေးနေ့မှာပျော်ရွှင်ပါစေ ရိပေါ်..."
မီးပန်းလေးထိုးစိုက်ထားသည့် ကိတ်မုန့်လေးက သေးသေးလေးပင်ဖြစ်သော်လည်း ဝမ်ရိပေါ်မျက်ရည်တောင်ဝဲလို့နေမိသည်။ သို့သော်လည်း အမှောင်ထဲမှာဖြစ်နေ၍ သိပ်တော့မသိသာလှ။