ရှောင်းကျန့် စာသင်ဖို့ ရောက်လာပြီးမှ အိမ်ရှင်ကလေးမလေး ချူးချူး၏ မွေးနေ့ဆိုတာကြောင့် ဆက်နေရနိုးနိုး ပြန်ရနိုးနိုးဖြစ်နေသည်။ လူမှုရေးနားမလည်တာတော့မဟုတ်ပေမယ့် ဒီလိုတပည့်တွေနဲ့ တရင်းတနှီးနေဖို့ရာ သူစိတ်မသက်သာဖြစ်ရသည်။
"ဆရာရယ် သင်လာတာလည်း နှစ်ပေါက်တော့ပါမယ် အားမနာပါနဲ့...ကြိုမပြောမိတာ ကျွန်မတို့လည်းတောင်းပန်ပါတယ် ချူးချူးကပြောတယ် ကြိုပြောရင် ဆရာ မလာမှာစိုးလို့တဲ့..."
ချူးချူးအမေကိုယ်တိုင်ကပါ ဝင်ပြောလာသည့်အခါ ရှောင်းကျန့် အားနာစိတ်ဝင်မိသည်။
"ဟုတ်ပါတယ် ဆရာ အဲ့တာ ချူးချူး မပြောခိုင်းတာပါ...ချူးချူးမွေးနေ့မှာ ချူးချူးလေးစားရတဲ့ ဆရာကို လာစေချင်လို့ပါ..."
"ရှောင်းကျန့်ရောက်လာပြီလား...အဝင်ဝမှာ ဘာလုပ်နေတာလဲ လာလေ..."
"ဟုတ်တယ် ဦးဦးရေ...ဦးဦးရဲ့ သူငယ်ချင်းကို အထဲခေါ်ပေးပါဦး..."
ချူးချူးနဲ့ သူ့ရဲ့မိခင်ဖြစ်သူနှစ်ဦးသား ရှောင်းကျန့်ကို ခေါ်နေကြစဉ် စစ်ကူအနေဖြင့် ယွန်ဟိုရောက်လာကာ ရှောင်းကျန့်ပုခုံးကိုသိုင်းဖက်လိုက်ပြီး အိမ်အတွင်းထဲ ဆွဲခေါ်သွားသည်။
"လာ ဒီမှာထိုင်...စိတ်သက်တောင့်သက်သာနေ ချူးချူး ရဲ့ မွေးနေ့မှာ ဘယ်သူမှ မရှိဘူး ငါတို့မိသားစုတွေပဲရှိတာ...သူ့အဘိုးအဘွားတွေတောင် မလာဘူး ဝေးလို့ဆိုပြီး...သူ့သူငယ်ချင်းတစ်ယောက်နှစ်ယောက်နဲ့ သူ့မိဘတွေပဲ ရှိတာ...ခဏနေဦး မင်းစားဖို့ သွားယူပေးဦးမယ်..."
ယွန်ဟို ရှောင်းကျန့်ကို နေရာချပေးပြီးနောက် ဧည့်ခန်းအလယ်တွင် ဘူဖေးစနစ်လိုလုပ်ထားတဲ့ အစားအသောက်ဗန်းတွေထဲမှ တစ်မျိုးစီကို ပန်းကန်ထဲအပြည့်ထည့်ပြီးယူလာသည်။ ထိုအစားအသောက်ပန်းကန်ကို ရှောင်းကျန့်ရှေ့တွင် အသေအချာချပေးလိုက်ပြီး အအေးတွေပါငှဲ့ပေးလိုက်ပြီးနောက် အရိပ်တကြည့်ကြည့်ဖြင့်...
"လိုရင်ပြောနော်...ငါ သွားယူပေးမယ်..."
"အင်း ရတယ်...အရမ်းများနေပြီ..."