ကျင်းဟွာတက္ကသိုလ်၏ ဘွဲ့ခန်းမ တည်ရှိရာအဆောက်အဦးအနီးတွင် လူတချို့ပျားပန်းခတ်နေကြသည်။ PhD ဘွဲ့ပေးအပ်သည့်အခမ်းအနားဖြစ်သောကြောင့် ရိုးရိုးသာမန်ဘွဲ့အခမ်းအနားတွေလို လူတွေအရမ်းရှုပ်ရှုက်ခတ်နေခြင်းမရှိ။
လွန်ခဲ့တဲ့ နာရီဝက်လောက်ကတည်းကအခမ်းအနားပြီးစီးသွားခဲ့တာဖြစ်ပြီး ဘွဲ့လာယူကြသည့်သူများနှင့် သူတို့နှင့်အဖော်လိုက်ပါလာသည့် မိသားစုဝင်များ၊ သူငယ်ချင်းအပေါင်းအဖော် ချစ်သူများမှာ ကျောင်းဝန်းထဲလှည့်လည်ရင်း အလှဓာတ်ပုံများရိုက်ကူးလို့နေကြသည်။
"ဂုဏ်ယူပါတယ် ရှောင်းကျန့်...နောက်ဆုံးတော့လည်း ကြိုးစားမှုတွေအရာထင်ခဲ့ပြီပဲ..."
"ဆရာတို့ရဲ့ ကျေးဇူးကြောင့်ပါ..."
ရူပဗေဒဌာနမှ ပါမောက္ခများဟာ ရှောင်းကျန့်အနီးသို့ရောက်လာကြ၍ ဂုဏ်ပြုစကားများပြောနေကြသည်။ သူတို့၏ မျက်နှာများတွင် ပျော်ရွှင်ခြင်းအရိပ်အယောင်များပြည့်နှက်နေတာဖြစ်ပြီး သူတို့တပည့်တပန်းဖြစ်သည့် ရှောင်းကျန့်အတွက် စိတ်ရင်းအမှန်ဖြင့်အင်မတန်ဂုဏ်ယူနေကြတာဖြစ်သည်။
"ကဲ ဒါဆို သွားတော့မယ်...ရှေ့ဆက်လျှောက်မယ့်လမ်းမှာ အောင်မြင်မှုတွေ စောင့်ကြိုနေပါစေလို့ ဆရာတို့ ဆုတောင်းပေးလိုက်တယ် ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါ ဒီအတောအတွင်းအစစအရာရာကူညီပေးခဲ့ကြလို့ ဆရာတို့အားလုံးကို ကျေးဇူးတင်ပါတယ်..."
ဌာနဆိုင်ရာ ဆရာများနှင့် လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ပြီးသည်နှင့် ရှောင်းကျန့် သူ့လက်ကောက်ဝတ်ပေါ်က နာရီလေးကို ငုံ့ကြည့်လိုက်၏။ ပြီးလျှင်ဘွဲ့ဝတ်ရုံအောက်မှာဖုံးနေသည့် ဘောင်းဘီထဲရှိ ဖုန်းလေးကို ခက်ခက်ခဲခဲထုတ်လိုက်ရင်း နံပါတ်တစ်ခုကို ခေါ်လိုက်၏။
အကြိမ်ကြိမ်အသံမြည်လာသည့်ဖုန်းကို ဝမ်ရိပေါ်စိုက်ကြည့်နေသည်မှာ ငါးမိနစ်ခန့်ရှိနေပြီဖြစ်သည်။တက္ကသိုလ်ဝန်းထဲသို့ရောက်ရှိနေသည်မှာလည်း လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းကပင်ဖြစ်၏။