ဝမ်ရိပေါ် အိပ်ခန်းထဲရှိမှန်ရှေ့တွင်မတ်တပ်ရပ်ကာဝတ်ဆင်ထားသော အဝတ်အစားများကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်နေသည်။ အလုပ်သွားနေကျ ပုံစံမျိုးမဟုတ်ပေမယ့် အရမ်းကြီးပေါ့ပါးနေသည့် အဝတ်အစားများလည်းမဟုတ်။ သွားရမည့်နေရာနဲ့လိုက်ဖက်အောင် ဝတ်စားဆင်ယင်ထားရုံသာ။
အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အတွင်းရေးမှူးလည်းမရှိသည့်အခါ ကိုယ်ကိုယ်တိုင်ကားမောင်း၍ ချိန်းဆိုထားသည့် နေရာသို့ထွက်လာသည်။ ချိန်းထားသည့်နေရာက ကိန်းကြီးခန်းကြီးတွေ မဟုတ်ဘဲဒီတိုင်းရိုးရိုးသာမန် ကော်ဖီဆိုင်လေးတစ်ခုတွင်သာ။
ဒါနဲ့ဆို ဝမ်ရိပေါ်အနေနဲ့ အိမ်ထောင်ဖက်တွေ့နေသည်မှာ ၇ ကြိမ်မြောက်ဖြစ်သည်။ လုပ်ငန်းရှင်တွေကြားမျက်နှာမပျက်ဖို့အတွက် လူမှုရေးတွေအရတွေ့ရသည့်တွေ့ဆုံမှုတွေဖြစ်သောကြောင့် တစ်ဖက်ကိုငြင်းလိုက်လည်း မည်သည့်ပြဿနာတစ်စုံတစ်ရာမှမရှိခဲ့။
ကိုယ်နဲ့အဆင်မပြေရင် တခြားသော လုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ကြလိမ့်မည်။ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားသည့်အခါ အချစ်မပါသည့် စီးပွားရေးဆန်ဆန် အိမ်ထောင်ရေးကို ထူထောင်ကြလိမ့်မည်။ ဒီလိုအသိုင်းအဝိုင်းတွေမှာ ဒီဓလေ့တွေက ခေတ်အဆက်ဆက်ကျင့်သုံးလာကြခြင်းဖြစ်တာကြောင့် သိပ်တော့မထူးဆန်းတော့။
ဒီအသိုင်းအဝိုင်းမှာ ကျင်လည်နေတဲ့သူလည်း ဒီဓလေ့ကိုမလွတ်ကင်းနိုင်တာဖြစ်၍ ဝတ္တရားအရသွားခဲ့ရခြင်းတွေပဲဖြစ်သည်။ ဘာမှအဆန်းတကြယ်တော့မဟုတ်။အချင်းချင်းတွေ့သည်။ စကားစမြည်ပြောသည်။
လုပ်ငန်းနဲ့ပတ်သက်တာတွေနဲ့စကားဦးသန်းပြီးရင် ဝါသနာတွေအကြောင်း၊ ကိုယ်ရေးကိုယ်တာတွေအကြောင်းစတင်စွတ်ဖက်မေးမြန်းလာကြမည်။ ဖြေနိုင်ရင်ဖြေပြီး ၊ မဖြေနိုင်တဲ့ မေးခွန်းတွေကျရင် နှုတ်ဆိတ်၍သာနေသည်။
တွေ့ဆုံခြင်းပြီးသွားရင်တော့ ဘာမှဆက်မဖြစ်လာတော့။သူ့ဘက်ကမငြင်းခဲ့သည့်တိုင်တစ်ဖက်က သူ့သဘောထားကိုနားလည်၍ အချင်းချင်းနားလည်မှုနဲ့ အဆုံးသတ်လိုက်ကြတာဖြစ်သည်။