"မနေ့ကကိစ္စအတွက် တောင်းပန်ပါတယ်..."
နေ့လယ်ဘက်ကြီး အိမ်ပေါ်ရောက်ချလာသည့် ရာဂါမီကို ရှောင်းကျန့် ကော်ဖီဖြင့် ဧည့်ခံရင်း အားနာစွာ တောင်းပန်စကားဆို၏။ မျက်ခုံးထောင့်ကွဲထားတဲ့ဒဏ်ရာကို ရာဂါမီအသာထိတွေ့လိုက်ပြီးမျက်လွှာချထားသည့် ရှောင်းကျန့်ကိုကြည့်ကာ...
"ရှောင်းကျန့်..."
"ဟင်..."
"ငါနဲ့ ဂျပန်ခဏပြန်လိုက်ခဲ့မလား..."
"....."
"လောလောဆယ် မင်းလည်း အားနေတာပဲ...ဘွဲ့ကိုစောင့်နေရင်းနဲ့ ငါ့ဆီပြန်လိုက်ခဲ့..."
ရှောင်းကျန့် ချက်ချင်းပြန်မဖြေဘဲ ကော်ဖီခွက်ကိုင်းကို လက်နဲ့ပွတ်သပ်နေသည်။ မျက်နှာပေါ်မှာတွေဝေမှုတချို့ဖြတ်ပြေးနေတာကြောင့်...
"ရှောင်းကျန့်...မင်းငါ့ကိုပြောခဲ့ဖူးတဲ့မင်းဘဝရဲ့ရည်မှန်းချက်တွေကို မှတ်မိသေးလား...PhD ရပြီးရင် သုတေသန ဆိုင်ရာဘက်သွားမယ်ဆိုတာလေ..."
"ကိုယ့်အတွက်ကိုယ်ရှင်သန်ပြီး လွတ်လပ်တဲ့ငှက်တစ်ကောင်လို ကောင်းကင်ရဲ့ဟိုးအဝေးအထိပျံသန်းကြည့်ပါလား...ဘာအနှောင်အဖွဲ့တွေကိုမှခေါင်းထဲထည့်မထားဘဲနဲ့..."
"ပြီးတော့ မင်းသူများတွေထက်နောက်ကျပြီးမှ ဒီအခြေအနေထိရောက်လာတာ...မင်းကျေနပ်လို့ မင်းဘာသာ ကျောင်းနားပြီး လုပ်ပေးခဲ့တာမှန်ပေမယ့် တကယ်နစ်နာခဲ့ရတာက မင်း..."
"မင်းအခုဖြစ်နေတဲ့ ခံစားချက်ကို ငါသိတယ်...ငါလည်းကျော်ဖြတ်ခဲ့ဖူးတာပဲ...အနေခဏပြန်နီးသွားတဲ့အခါ စိတ်ကပြန်ယိုင်လာမိတာ...မင်းလည်းသိပါတယ် နှလုံးသားကအရင်လိုဝုန်းဒိုင်းကြဲဖြစ်မနေတော့ဘူးဆိုတာ...ရင်ထဲတငွေ့ငွေ့ဖြစ်နေဆဲဆိုတာ အရင်ကချစ်ခဲ့ဖူးတာတွေကိုသတိပြန်ရရုံသပ်သပ်ပဲ...အဲ့တာကြောင့် အခုဖြစ်နေတဲ့ခံစားချက်တွေကို အချစ်လို့အထင်မမှားနဲ့တော့ ရှောင်းကျန့်..."
"အနုအယွချစ်စကားတွေလား ပါးစပ်ပါတဲ့လူတိုင်းပြောတတ်တယ်...အဓိက က လက်တွေ့မပြသရွေ့တော့ ဒီစကားတွေက အကျုံးမဝင်ဘူး ရှောင်းကျန့်ရ..."
