အပိုင်း(၁၂) Unicode

1.1K 124 7
                                    

"ကျစ်..."

ဦးခေါင်းတစ်ခုလုံးကို နံပါတ်တုတ်နဲ့ကြေမွနေအောင်ရိုက်ခံထားရသလို ဖြစ်နေတာကြောင့် ဝမ်ရိပေါ်ခေါင်းကိုထိန်းကိုင်ကာ ကျစ်သပ်လိုက်မိသည်။

မနက်ရောက်နေတာလား၊ ညရောက်နေလားမသိခေါင်းထဲရီဝေဝေဖြစ်နေပေမယ့် အပြင်ဘက်ကနေရောင်စူးစူးကို မြင်လိုက်ရသည့်အခါ နာရီပေါ်ကလက်တံညွှန်ပြနေသည့် နံပါတ် ၂ ဆိုသည့်အရာက နေ့လယ် ၂ နာရီကို ရည်စူးနေမှန်းသိလိုက်ရသည်။

လေအေးပေးစက်ရှိသည့်တိုင် အပြင်ဘက်က နေအပူချိန်တရိပ်ရိပ်မြင့်လာတာကြောင့် ဝမ်ရိပေါ် သူ့ကိုယ်ပေါ်က စောင်ကိုခြေထောက်ဖြင့်ကန်ရင်းခွာကာ အိပ်ရာပေါ်တွင်ငုတ်တုတ်ထိုင်လိုက်သည်။ အပေါ်ပိုင်းဗလာဖြစ်နေသော သူ့ကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပျောက်နေသည့် အင်္ကျီကိုရှာကြည့်တော့လည်း မတွေ့။

တစ်ချက်တစ်ချက်ထိုးကိုက်နေတဲ့ ဦးခေါင်းက လုံးဝကို ဗလာနတ္ထိ။မနေ့က သူသောက်ခဲ့တာ တော်တော် များသွားသည့်ပုံ။အကြာကြီးနေမှပြန်သောက်၍ ခံနိုင်ရည်မရှိတော့တာဖြစ်မည်။ ဝမ်ရိပေါ်ရေချိုးခန်းထဲမဝင်ခင် စာပို့ဖို့ဖုန်းကိုလိုက်ရှာဖို့ကြံပြီးမှ မရှာတော့ဘဲရေချိုးခန်းထဲသာတန်းဝင်လာသည်။

ရေပန်းအောက်မှာ ဝမ်ရိပေါ် ငြိမ်နေရင်း သက်ပြင်းများခဏခဏချမိပြီး မနေနိုင်ဖြစ်ရသည်။ မနေ့က သူအိမ်ကိုဘယ်လိုရောက်လာတာလဲ။ အရက်တွေမူးလာတဲ့သူ့ကို စိတ်များဆိုးနေမလား။

ဝမ်ရိပေါ် ရေချိုးနေရင်း ဆပ်ပြာယူကာ ခန္ဓာကိုယ်ကိုတိုက်လိုက်သည့်အခါ ရင်ဘတ်တစ်နေရာက စပ်ဖျဉ်းဖျဉ်းအထိအတွေ့တွေကြောင့် ညည်းလိုက်မိသည်။ ဘာတွေနဲ့ခြစ်မိထားတာလဲဆိုတာလည်း တွေးလို့မရ။ ကလပ်မှာရန်များဖြစ်ထားခဲ့တာလား။

ဝမ်ရိပေါ်ဘာမှစဉ်းစားလို့မရသည့်အခါ အားမလိုအားမရစွာ အရှေ့ကနံရံကို လက်သီးနဲ့ထိုးလိုက်သည်။ မာတီနီ နည်းနည်းလောက်က သူ့ခေါင်းကို ဗလာဖြစ်စေလောက်အောင် ပြင်းခဲ့လို့လား။

ဝမ်ရိပေါ် ရေချိုးခန်းထဲမှပြန်ထွက်လာပြီးနောက် အင်္ကျီများလဲလိုက်ပြီး အိပ်ခန်းအပြင်သို့ထွက်လာသည်။ ရေမခြောက်သေးသည့် ခေါင်းကိုလက်နဲ့သာထိုးဖွနေရင်း မီးဖိုခန်းဘက်လျှောက်လာစဉ် ထမင်းစားစားပွဲမှာထိုင်နေသည့်သူကြောင့် ခြေလှမ်းတွေရပ်တန့်မိလိုက်သည်။စာသွားသင်နေတာမဟုတ်ဘူးလား။

Milestone 105Where stories live. Discover now