ထိုစကားကိုကြားလိုက်ရသည့်အခိုက်မှာ ရာဂါမီ၏ လက်ဖျံကို ရှောင်းကျန့်တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးမျက်ဝန်းအိမ်ထဲစူးနစ်စွာစိုက်ကြည့်လိုက်၏။
ရှောင်းကျန့်၏ တားမြစ်နေသော အကြည့်တွေကို ရာဂါမီ သဘောပေါက်သည့်အခါ စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် သူ့လက်ဖျံပေါ်က ရှောင်းကျန့်လက်ကို လက်တစ်ဖက်ဖြင့် အသာအုပ်မိုးလိုက်၍ ညင်သာယုယစွာ...
"ဘာဖြစ်လို့လဲ အချစ်ကလေး...နေလို့မကောင်းလို့လား..."
ရာဂါမီသူ့လက်များကိုနေရာပြောင်း၍ ရှောင်းကျန့်၏ နားသယ်စပ်နားက ဆံပင်လေးတွေကိုသပ်ပေးဖို့ပြင်လိုက်စဉ် သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသည့် ဝမ်ရိပေါ်က ဘီယာပုလင်းကို ဇောက်ထိုးကိုင်လိုက်တာ လှမ်းတွေ့လိုက်ရသည်။
မြောက်တက်လာသလိုလိုရှိတဲ့ ဘီယာပုလင်းက သူ့ခေါင်းပေါ်ကျတော့မယ်ဆိုတာရိပ်မိသည့်အခါ တစ်ဖက်ကဘာမှမလုပ်နိုင်ခင် သူကဦးစွာ အရှေ့က ဘီယာခွက်ကိုကိုင်၍ ဘီယာတွေကို ဝမ်ရိပေါ်ဘက်ကို ချိန်ရွယ်သလိုလိုဖြင့် ချန်ရှင်းမျက်နှာကို တည့်တည့်ပက်ချလိုက်သည်။
ရုတ်တရက်ကြီး မဆီမဆိုင် ဘီယာဖြင့် အပက်ခံလိုက်ရတာကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည့် မျက်နှာကို ချန်ရှင်းပွတ်သပ်လိုက်ရင်း ဒေါသသံများဖြင့်...
"ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ..."
အပိုးမကျိုးတဲ့ကောင်တွေနဲ့ တစ်ပွဲလောက်တွေ့ချင်လို့ကို တမင်တကာ ရန်ထိုင်စနေရတာ အခုမှပဲ လက်ကြောလျော့ဖို့အချိန်ရောက်လာတော့သည်။
"အချစ်ကလေး ဒီခုံနဲ့ ဝေးဝေးနေဦးနော်..."
ချန်ရှင်း၏ အမေးကို ရာဂါမီချက်ချင်းမဖြေသေးဘဲ ရှောင်းကျန့်ကို ဝိုင်းပြင်ထုတ် အသာဖယ်လိုက်သည်။ ယွန်ဟိုကလည်း အထာပေါက်သည့်အခါ ရှောင်းကျန့်ကို ခပ်ဝေးဝေးတွင်ရပ်ခိုင်းလိုက်သည်။
ရှောင်းကျန့် ဝိုင်းအပြင်ရောက်သွားသည် သေချာမှ ရာဂါမီသူ့ရှေ့က ဘီယာခွက်ကို ဘီယာအပြည့်ထပ်ဖြည့်၍ မင်ဟန်၏ မျက်နှာတည့်တည့်ကို လှမ်းပက်လိုက်ပြီး...