အပိုင်း(၄) Unicode

1.3K 146 8
                                    

ကော်ဖီဆိုင်​၏ ထောင့်ဆုံးဝိုင်းတွင် ဝမ်ရိပေါ် ထိုင်နေကာ လက်ထဲက ဖုန်း​၏ကာဗာကိုဖြုတ်လိုက်​၏။ ထို့နောက် ဖုန်းနဲ့ကာဗာကြားထဲမှ ထွက်လာသော နာမည်ကတ်တစ်ခုကို မမှိတ်မသုန်စိုက်ကြည့်လို့နေသည်။ ဟိုနေ့က သူကိုယ်တိုင်လုံးချေပြီး လွှတ်ပစ်ခဲ့သော်လည်း သူကိုယ်တိုင်ပဲ နောက်ပြန်လှည့်လာပြီး ပြန်ကောက်ယူခဲ့မိသည်။

သူ့ဆုံးဖြတ်ချက်မမှားဘူးလို့သူယုံမှတ်ထားသည်။ နှစ်ယောက်တစ်အိပ်မက်ဖြစ်တဲ့ ငွေစုစာအုပ်လေးမှာ "သုည" နောက်တစ်လုံးထပ်တိုးဖို့ရာ တော်တော်လိုသေးတာဖြစ်သည်။ တစ်ယောက်တည်းမနိုင်ဝန်ထမ်းနေရသလိုဖြစ်နေသည့် ကျန့်ကောကိုလည်း စိတ်ထဲမှ တော်တော်ကို အားနာရသည်။

​မနက်ဆိုလည်း အစောကြီးထ ညဆိုလည်း နောက်ကျမှအိပ်နေရတော့ ကျန်းမာရေးအတွက် မကောင်းသလို၊ စိတ်လည်းအတော်ပင်ပန်းနေလိမ့်မည်။ နှစ်ယောက်တစ်အိပ်မက်ဆိုတော့ နှစ်ယောက်စလုံးညီတူမျှတူ ဒုက္ခခံသင့်သည်မဟုတ်လား။

"အစောကြီးရောက်နေတာလား..."

​စားပွဲခုံဝိုင်းရဲ့မျက်နှာချင်းဆိုင်မှာ နေရာဝင်ယူလိုက်သည့် အမျိုးသမီးကြောင့် ဝမ်ရိပေါ်အတွေးစတို့ကိုဖြတ်တောက်လိုက်သည်။ထိုအမျိုးသမီးနေရာကျသွားသည့်အခါ ဝမ်ရိပေါ်ကို အပြုံးတစ်ခုဖြင့်ကြည့်ရင်း...

"ဒီဘက်က ပြန်ပြီးဆက်သွယ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး...အဲ့တုန်းက စိတ်မဝင်စားဘူးလို့ထင်ခဲ့တာ ဒါနဲ့ နာမည်ကို ဘယ်လိုခေါ်ရမလဲ..."

"ဝမ်ရိပေါ်..."

"အင်း ဟုတ်ပါပြီ...ရိပေါ် လို့ခေါ်ရင်ရတယ်မလား...တို့နာမည်တော့ မှတ်မိသေးတယ်မလား...ယွမ်လီဆိုတာ..."

ဝမ်ရိပေါ် ခေါင်းညိတ်ပြလိုက်ပြီး သူ့အရှေ့ရေခွက်ထဲကရေကိုမော့လိုက်သည်။ ယွမ်လီကလည်း စားပွဲထိုးလေးကို ကော်ဖီတစ်ခွက်သာမှာယူလိုက်ပြီး...

"ရိပေါ်ရော ဘာသောက်မလဲ..."

"မသောက်တော့ဘူး..."

"အင်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့...အတန်းချိန်မရှိသေးဘူးမလား..."

Milestone 105Where stories live. Discover now