ပလက်တီနမ်ကွင်းလေးအလယ်တည့်တည့်မှာ စိန်လေးတစ်လုံးနစ်မြုပ်နေသည့် လက်သူကြွယ်ပေါ်က လက်စွပ်လေးကို ရှောင်းကျန့် အကြည့်မခွာနိုင်အောင်စိုက်ကြည့်လို့နေမိသည်။
အခြားလူတွေဆီရောက်နေလောက်ပြီလို့ထင်မှတ်ခဲ့သည့် အရာလေးက နှစ်တွေအတော်ကြာကြီးနေပြီးမှ သူ့လက်သွယ်ကြွယ်ပေါ်ထိတောင် ရောက်လာရတဲ့ အကြောင်းအရင်းကဘာလဲ။
ဘယ်သူဝတ်ပေးထားတယ်ဆိုတာထက် ဘာရည်ရွယ်ချက်နဲ့ဝတ်ပေးထားတာလဲဆိုတာသူသိခွင့်ရှိမလား။
"ကြည့်လို့ဝရင်လည်း အဖြေပြန်ပေးတော့..."
ဘေးတစောင်းလှဲအိပ်နေသည့် အနေအထားဖြင့်အနောက်ဘက်မှသိုင်းဖက်ခြင်းခံလိုက်ရသည်နှင့်အတူ နားသယ်စပ်ပေါ်နွေးကနဲဖြစ်သွားသည့်အခါ ရှောင်းကျန့် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်လိုက်၏။ထိုသို့မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားမှဝမ်ရိပေါ်က ရှောင်းကျန့်၏လက်စွပ်ဝတ်ထားသည့် လက်ကိုဖွဖွလေးဆုပ်ကိုင်လိုက်ရင်း...
"ပြန်တွေ့ကတည်းက ချက်ချင်းဝတ်ပေးချင်ခဲ့တာ...တစ်ဖက်ဝရံတာကနေ ကျန့်ကောရဲ့လက်ကိုဆွဲယူပြီး အတင်းဝတ်ပေးခဲ့ချင်တာလို့...ညတုန်းကဘောင်းဘီအိတ်ကပ်ထဲထည့်လာတာ ကျန့်ကောက အဝတ်အစားတွေလဲပေးလိုက်တော့ မနက်က လျှော်ဝတ်ခြင်းထဲမှာ မနည်းသွားပြန်ရှာလိုက်ရတယ်..."
"....."
"ကျန့်ကောက အမြဲတမ်းမပြောမဆိုတွေလုပ်ပြီး တစ်ဝက်တစ်ပျက်တွေထားခဲ့တယ်...ကျွန်တော်မသိအောင်ဘယ်တုန်းကတည်းက လက်စွပ်သွားကြည့်ထားခဲ့တာလဲ...ဒါပေမယ့်လည်း ကျေးဇူးတင်ပါတယ် ကျွန်တော့်ဘက်က လက်စွပ်အရင်စပေးမယ်ဆိုတဲ့ဆန္ဒကိုဖြစ်မြောက်စေခဲ့လို့..."
"....."
"အဲ့တာကြောင့် ကျွန်တော်တို့ လက်ထပ်ရအောင်ကျန့်ကော...ကျွန်တော်မှားခဲ့တဲ့ အမှားတွေအတွက်ရော ကျွန်တော့်အချစ်တွေအတွက်ရောပါ ပေါင်းပြီးကျန့်ကောကို တစ်ဘဝလုံးစာတာဝန်ယူပါရစေ..."
ဝမ်ရိပေါ် ရှောင်းကျန့်၏ လက်လေးကို လေပေါ်မြှောက်၍ဖြန့်ကြည့်လိုက်ပြီး သူ့လက်ဖဝါးကိုလည်းဘေးချင်းယှဉ်ဖြန့်လိုက်သည်။