ရှောင်းကျန့် အိပ်ရာမှ နိုးနေပြီဖြစ်သော်လည်း မထသေးဘဲ သူနဲ့မျက်နှာမူထားသည့် ဝမ်ရိပေါ်၏မျက်နှာချောချောကို ကြည့်လို့နေမိသည်။
ပြီးလျှင် စောင်အောက်ဖုံးနေသည့် ဝမ်ရိပေါ်၏ လက်များကို အသာယူလိုက်ကာ လက်ဖဝါးတွေ လက်ချောင်းတွေကို စူးစမ်းသလိုကြည့်လို့နေ၏။
ဒီကလေး သူ့မမြင်ကွယ်ရာမှာ အချိန်ပိုင်းအလုပ်တွေ ခိုးလုပ်နေလားဆိုတာ သူသိမိချင်ရုံသာ။ အသားမာလေးတွေမတွေ့တော့မှပဲ သက်ပြင်းငွေ့ငွေ့ချနိုင်တော့သည်။ ကိုယ်ကိုယ်တိုင်က ကလေးတွေကိုစာသင်ပေးနေသည့် လူတစ်ယောက်ဖြစ်သည့်အခါ ပညာရေးကိုပဲဦးစားပေးသည်။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူကို တော်စေချင်သည်။ တတ်စေချင်သည်။
ဝမ်ရိပေါ်၏ လက်များကို ရှောင်းကျန့် စောင်အောက်ပြန်ဖုံးပေးလိုက်ပြီးနောက် မျက်နှာကိုသာ ပြန်စိုက်ကြည့်လို့နေသည်။ နုနယ်စင်ကြယ်လွန်းတဲ့ မျက်နှာပိုင်ရှင်ကောင်လေးက တစ်ချိန်တုန်းက တော်တော်ဆိုးခဲ့တာ။ စစတွေ့ချင်းတုန်းက ကျန့်ကောလို့ ခေါ်မယ့်နေနေသာ၊ "ခင်ဗျား" ဆိုတာချည်းပဲ။
အဲ့အချိန်တုန်းက အခုလို ဆံပင်အနက်ရောင်တိုကပ်ကပ်လေးနဲ့မဟုတ်။ တစ်ခေါင်းလုံးကို အစိမ်းရောင်ဆိုးထားပြီး နားပေါက်တွေကလည်း နားတစ်ဖက်တွင် သုံးပေါက်ထပ်မနည်းခဲ့တာပင်။ အခုတော့ နားကပ်တွေမပန်တော့သလို တချို့နားပေါက်လေးတွေဆို ပြန်တောင်ပိတ်လို့သွားပြီဖြစ်သည်။
အရင်တုန်းက ဇွတ်တရွတ်ဆန်ခဲ့သလောက်အခုတော့ သူ့ခွင့်ပြုချက်မပါရင် ဘာမှမလုပ်။ ဒီကလေးကို သူပြောင်းလဲပေးခဲ့တာမဟုတ်ပေမယ့် ဒီကလေးက သူ့အတွက် ပြောင်းလဲပေးခဲ့တာ။
ဒီကလေးလိမ္မာလာပေမယ့် ဆိုးတဲ့အကျင့်လေးတစ်ခုတော့ကျန်နေသေးသည်။ အဲ့တာက စိတ်ဆိုးစိတ်ကောက်တိုင်း စိတ်လိုက်မာန်ပါနဲ့ "လမ်းခွဲမယ်" ဆိုတဲ့စကားကိုအမြဲတမ်းပြောတတ်ချင်းပင်။သို့သော်လည်းအခုနောက်ပိုင်းသိပ်တော့ မကြားရတော့။ ဒီကလေးဘာလို့ဆိုးလဲဆိုတာ သူနားလည်မိပါသည်။ လိုတရဘဝမှာနေခဲ့ရတော့ အနည်းနဲ့အများတော့ ဂျစ်တူးနိုင်တာပါပဲ။
