"ရောက်တာကြာနေပြီလား ရိပေါ်..."
လူသန့်တွေပဲလာတဲ့ ဆိတ်ငြိမ် ဘားတစ်ခုမှာထိုင်နေသည့် ဝမ်ရိပေါ်အနီးတွင် မင်ဟန်ဝင်ထိုင်လိုက်သည်။မင်ဟန်ရောက်လာသည့်အခါ အဖျော်သမားလေးက သိပ်မပြင်းလွန်းလှသည့် သောက်စရာတစ်ခွက်ကိုကမ်းလိုက်သည်။ မင်ဟန်ထိုအရာလေးကိုတစ်ငုံလောက်သောက်လိုက်ပြီး...
"ချန်ရှင်းက နည်းနည်းနောက်ကျမယ်ပြောတယ်...လမ်းမှာပဲရှိသေးတယ်..."
"အင်း..."
မင်ဟန်၏ စကားကို ဝမ်ရိပေါ်အသိအမှတ်ပြုလိုက်ပြီးသောက်လက်စ ကော့တေး တစ်ခွက်ကိုသာဆက်သောက်နေသည်။ မင်ဟန်လည်းအေးဆေးစွာဆက်သောက်နေရင်း ချန်ရှင်းအလာကိုစောင့်နေ၏။
သူတို့သုံးယောက်တွေ့ဆုံတာက ထွေထွေထူးထူးကိစ္စတွေကြောင့်တော့မဟုတ်။ ဒီလိုပဲ ကိုယ့်အလုပ်နဲ့ကိုယ် လုံးပန်းနေရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့အချိန်တွေကတော်တော်ရှားလာတာကြောင့် ဒီလိုပိတ်ရက်တွေမှာပဲ ဆိတ်ငြိမ်လွန်းတဲ့ ဘားတစ်ခုခု သို့မဟုတ် တခြားအေးဆေးတဲ့နေရာတွေမှာကြုံတုန်းတွေ့ကြတာပင်။
ပြောဆိုကြတဲ့စကားတွေတောင် အသက်အရွယ်နဲ့လိုက်ပြီး ခေါင်းစဉ်တွေပြောင်းခဲ့ပြီဖြစ်သည်။
"မင်းရဲ့ ဆိုင်ကယ် ကုမ္ပဏီရော အဆင်ပြေလား..."
ဝမ်ရိပေါ်၏ အမေးကို မင်ဟန် အသီးစားနေရင်း...
"ဒီလတော့ တော်တော်အဆင်ပြေတယ်...ဒါပေမယ့် အတက်အကျအရမ်းများတယ်...ရောင်းအားက ဝုန်းကနဲတက်ချင်တက်...မဟုတ်ရင် ဝုန်းကနဲကျသွားတာပဲ..."
"အင်း အရောင်းအဝယ်တွေက အဲ့လိုပါပဲ..."
"ဟုတ်တယ်...ပြီးခဲ့တဲ့ လကတော့ တော်တော်ထိသွားတယ်...တော်သေးတယ် အိမ်ကဘိုးတော် ပြန်ဆယ်ပေးလိုက်လို့ မဟုတ်ရင် ငါ့ကုမ္ပဏီပြုတ်တယ်..."
"ဘဝတစ်ဆစ်ချိုးသွားတဲ့အခါ လူတွေဟာ ပြောင်းလဲသွားတတ်ကြတယ် "။ဒီစကားတစ်ခွန်းရဲ့ဆိုလိုရင်းကိုရေရေရာရာလက်ညိုးထိုးပြလို့မရပေမယ့် လူတစ်ယောက်ရဲ့ပြောင်းလဲခြင်းဟာ အသက်အရွယ်နဲ့မဆိုင်ဘဲ သူတို့ဘဝတစ်ကွေ့မှာဘာကိုကြုံခဲ့ရလဲဆိုတာနဲ့တော့ အများကြီးကို သက်ဆိုင်မှုရှိလိမ့်မည်။