"အမေရိကာနို တစ်ခွက်ပေးပါ..."
"အပူလား အအေးလား..."
"အအေးပါ...ရေခဲလျှော့ထည့်ပြီး အသည်းလေးနည်းနည်းဖဲ့ထည့်ပေးပါရှင့်..."
အပြောအဆို ညက်လွန်းသည့် မိန်းမပျိုလေးတစ်ဦးကြောင့် ရှောင်းကျန့်ပြုံးမိသွားသည်။ သို့သော်လည်းလုပ်စရာရှိတာဆက်လုပ်ကာ...
"ယန်း xxxx ကျပါတယ်..."
"ပိုငွေကို ပြန်မအမ်းပါနဲ့တော့...အသည်းဖိုးလေးပိုယူလိုက်ပါ..."
ပိုငွေပြန်အမ်းနေသော်လည်း လက်မခံချင်ဖြစ်နေသည့် သူကြောင့် ရှောင်းကျန့် အနေရနည်းနည်းခက်နေသည့်အချိန်တွင် ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်သူ ရာဂါမီ ဆိုသည့်လူကရှောင်းကျန့်အနီးသို့ရောက်လာကာ ပုခုံးပေါ်လက်တင်လိုက်ပြီး မေးဖျားလေးကို ညင်သာစွာဆွဲကိုင်လိုက်၍အီစိမ့်နေသောလေသံဖြင့်...
"အချစ်ကလေး...ပင်ပန်းနေရောပေါ့ သွားနားတော့လေ...ကိုယ်ဆက်လုပ်လိုက်မယ်..."
သူတို့ကိုကြောင်ကြည့်နေတဲ့ မိန်းမပျိုလေးကိုရာဂါမီကြည့်လိုက်ကာ...
"ပြန်အမ်းငွေကိုယူလိုက်ပါ...အသည်းဖိုးတွေလည်းလုပ်မနေပါနဲ့...အချစ်ကလေးရဲ့အသည်းကဦးထားတဲ့သူရှိပြီးသား..."
"နှစ်ယောက်သားက တွဲ...တွဲနေကြတာလားရှင့်..."
"အချစ်ကလေးသာ ကလေးရနိုင်ရင် ကိုယ်တို့နှစ်ယောက်ရဲ့ကလေးက အရှေ့က အမိလောက်ရှိနေပြီ...ကော်ဖီလာဝယ်တာမဟုတ်ရင်ပြန်တော့...နောက်နေ့လည်းမလာနဲ့တော့..."
ရာဂါမီစကားကြောင့် မိန်းမပျိုလေးလည်း ကောင်တာပေါ်က သူ့ရဲ့ကော်ဖီခွက်ကို ဒီတိုင်းသာထားခဲ့ပြီး ဆိုင်ပြင်ထွက်သွားတော့သည်။
ဂျပန်လူမျိုးတွေစကားပြောနူးညံ့တယ်လို့ ကမ္ဘာပေါ်မှာလူသိများသော်လည်း ဂျပန်-တရုတ်ကပြားရာဂါမီကတော့ ချွင်းချက်ဖြစ်လိမ့်မည်။စကားပြောရင် တည့်တိုး လိုရင်းတိုရှင်းပြောတတ်ပြီး စိတ်ရှည်တတ်တဲ့ အမျိုးအစားထဲမှာမပါ။
လူမှုရေးတွေဘာတွေလည်း မကြည့်။ မကြိုက်ရင်လည်း ခပ်ပြတ်ပြတ် ကြိုက်ရင်လည်း ကြိုက်မရှက်ငတ်မရှက်။ မိတ်တွေဘာတွေပျက်သွားမှာလည်း အာရုံမရှိ။ ဝယ်ချင်ဝယ်မဝယ်ချင်နေ။ အဓိကက သူစိတ်ချမ်းသာနေဖို့ပဲ။
