အပိုင်း ၃၁၈ : ကလေးတစ်ယောက်မှ မချန်ထားနဲ့
ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး၏ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများ၏ ပြိုင်ပွဲသည် တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။ ထိပ်ဆုံး၈ယောက်အတွင်းသို့ ဝင်ရောက်နိုင်သူ မှန်သမျှတို့သည်၊ သာမန်သူများ မဟုတ်နိုင်သည်မှာ သေချာနေသည်။
ပြိုင်ပွဲ၏ ဤအဆင့်တွင် ပြိုင်ပွဲတစ်ခုချင်းစီတွင် မည်သူက အနိုင်ရနိုင်မည်ဆိုသည်ကို၊ ခန့်မှန်းရန် ခက်ခဲလှ၏။ လင်းဖုန်း၊ ချောင်ဝေနှင့် ရှီကျုံးယွဲ့တို့သည်ပင် အနိုင်ရမည့်သူများကို သေချာစွာ၊ ခန့်မှန်းနိုင်မည် မဟုတ်ချေ။ နှစ်ဘက်စလုံးမှ ပြိုင်ဘက်များသည် စွမ်းအားများ ညီမျှနေကြသဖြင့်၊ အနိုင်နှင့်အရှုံးကြားတွင် မျဉ်းကြောင်းပါးပါးလေး တစ်ခုသာ ခြားထားပေသည်။
အင်အားသက်သက်ကို ယှဉ်လိုက်လျှင်၊ သူတို့အကြားမှ ခြားနားချက်သည် သိပ်မများလှသဖြင့်၊ ပြိုင်ပွဲ၏ ရလဒ်များကို ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ပေ။
စိတ်အခြေအနေ၊ တိုက်ပွဲဗျူဟာနှင့် အပြောင်းအလဲများအား ရုတ်ချည်း တုံ့ပြန်နိုင်မှုတို့သည်၊ အနိုင်ရသူအား ဆုံးဖြတ်နိုင်ရန်အတွက် အဓိက အကြောင်းရင်းများ ဖြစ်ပေလိမ့်မည်။ သန်မာသူနှင့် အားနည်းသူဟူသော ကွာဟချက် ကြီးကြီးမားမား ရှိနိုင်မည် မဟုတ်တော့ပေ။
သို့သော်လည်း ထိပ်ဆုံး၈ယောက် အတွင်းမှ မျက်စိကျစရာ အကောင်းဆုံး ပြိုင်ပွဲမှာ၊ ဇူရီနှင့် ကျောင်ကျုံချန်းတို့၏ အတွင်းမှ တိုက်ပွဲသာ ဖြစ်ပေလိမ့်မည်။
တစ်ယောက်မှာ ယခု စိတ်ဝိညာဉ် အစည်းအဝေး အတွင်းတွင် အနိုင်ယူ၍ မရနိုင်အောင်၊ ရှုံးပွဲမရှိ စံချိန်တင်ထားသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဖြစ်၍၊ အခြားတစ်ယောက်မှာ ယခုလေးတင် ပြီးဆုံးသွားသည့် တိုက်ပွဲတွင်၊ ပြိုင်ဘက်အား အကြီးအကျယ် လွှမ်းမိုး၍ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သူ ဖြစ်၏။
ထို့အပြင် သူတို့နှစ်ဦး၏ တူညီသော အချက်အလက်များကလည်း၊ ပြိုင်ပွဲ၏ အဟုန်ကို ပို၍မြင့်တက်စေ၏။ အချို့ အကဲပိုသူများသည် ယခုတိုက်ပွဲမှာ ကြိုတင်ရောက်ရှိလာသော ဖိုင်နယ်ဖြစ်ပြီး၊ ဤပြိုင်ပွဲတွင် အနိုင်ရသူမှာ နောက်ထပ် ပြိုင်ပွဲများကိုလည်း အနိုင်ရနိုင်၍၊ ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်လိမ့်မည်ဟု ကြုံးဝါးနေကြ၏။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...