Ep (15) ❤

642 79 13
                                    

Unicode

"ကိုယ့်အတွက်မဟုတ်တဲ့ လူတစ်ယောက်ကိုချစ်မိခြင်းဟာ နာကျင်ရခြင်းပါပဲ"လို့ ဝတ္ထုတစ်ခုမှာရေးထားတာ တွေ့ဖူးသည်။ ဘယ်တတ်နိုင်ပါ့မလဲ..။ ကိုယ့်နှလုံးသားက သူမှသူဖြစ်နေတာကို..။

အိုလီဗာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ အောက်ကားလမ်းမမှာတော့ ကားများကစီတန်းကာသွားနေကြသည်။ သူတို့မြို့သည် ညတော်တော်မိုးချုပ်တဲ့အထိ လူခြေမပျက်တဲ့မြို့ဖြစ်သည်။ ညဥ့်နက်နေပြီဆိုရင်တောင် သွားလာလှုပ်ရှားနေကြသူအချို့ကို လမ်းမပေါ်မှာ ဟိုတစ်စသည်တစ်စတွေ့နိုင်သေးသည်။

နောက်နေ့အတွက် အစားအသောက်တွေ ဝယ်ရအုံးမှာကို သူအခုမှပဲသတိရတော့သည်။ နှစ်ဆယ့်လေးနာရီ စတိုးဆိုင်များရှိနေ၍သာ တော်သေးသည်။

ဆောင်းရာသီဖြစ်၍ လမ်းမပေါ်တွင် နှင်းဖွေးဖွေးများ ဖုံးအုပ်နေသည်။ ဟူဒီအမဲရောင်ကြီးဝတ်ထားပြီး ခေါင်းငိုက်ဆိုက်ချကာ လမ်းလျှောက်လာတဲ့သူ့ပုံစံက အိုလီဗာလို့ ပြောရင်တောင် ဘယ်သူမှယုံကြမည်မထင်။

ခန္ဓာကိုယ်ကလည်း အရင်ကထက်ပိုချောင်ကျသွားကာ အရိုးပေါ်အရည်တင်သာဖြစ်သည်ဟု တစ်ခါတစ်လေ သူစဥ်းစားမိသည်။ မုန်းလိုက်တာ..စစ်ဒရစ်ကိုတော့ မဟုတ်ဘူး သူ့ကိုယ်သူ...။

စတိုးဆိုင်ကိုရောက်တော့ ခေါင်ဆွဲပြုတ်ဘူးတွေရှိတဲ့ တန်းကိုသာ တည့်တည့်မတ်မတ်သွားမိသည်။ ခေါက်ဆွဲပြုတ်ပဲအမြဲစားနေရတော့ ဒီနေ့မဝယ်ဘူးလို့ စဥ်းစားထားပေမဲ့ နောက်ဆုံး ခေါက်ဆွဲပြုတ်ကိုသာ ကောက်ထည့်လိုက်မိသည်။

အမြဲလာဝယ်တော့ မျက်မှန်းတန်းမိနေတဲ့ ငွေရှင်းကောင်တာက ကောင်မလေးက သူ့ကိုရယ်ပြရင်းပြောသည်။

"ဒီနေ့ရော ခေါက်ဆွဲပြုတ်ပဲလား.."

"အင်း"

"ခေါက်ဆွဲပြုတ်တွေ အရမ်းစားရင် ဆံပင်တွေဖြူကုန်မယ်နော် အစ်ကို လျှော့စားပါ ညီမက စေတနာနဲ့ပြောတာ.."

"ဟုတ်ကဲ့ ကျွန်တော် လျှော့စားပါ့မယ်.."

သူ ရယ်ရယ်ပြုံးပြုံးဖြင့်ပြောလိုက်ပြီး ကျသင့်သလောက်ငွေကိုရှင်းကာ ပြန်ထွက်လာခဲ့သည်။

BFF OR NOT (Drarry ❤)Where stories live. Discover now