လီဆာ အဖေ့ကိုယ်ပေါ်စောင်ခြုံပေးရင်း အဖေ့ကုတင်ဘေးတွင် ထိုင်လိုက်သည်။
" အားလုံးထွက်သွားကြတော့ လိုအပ်ရင်ခေါ်လိုက်မယ် "
အခန်းထဲက အဖေ့တပည့်တွေကိုနှင်လွှတ်ပြီး လီဆာအခန်းတံခါးကိုပိတ်လိုက်သည်။ အဖေကတော့ အခုထိသတိမရသေးပါ။ အပြေးအလွှားရောက်လာသောဒေါက်တာ၏စကားအရ အဖေ့စိတ်သည် ဖိအားများနေပြီး ဒဏ်မခံနိုင်ဖြစ်သည်ဟုဆိုသည်။
" ပိုင်ချင်တာများတော့ ဖိအားများလားအဖေ"
သက်ပြင်းချလိုက်သည်။ အဖေ့စိတ်ကအဖေ့ကိုဒုက္ခပေးတာပဲ။ အဖေက အာဏာကိုပိုင်ချင်တယ်။ နိုင်ငံကိုပိုင်ချင်တယ်။ အခွင့်ရှိရင် ကမ္ဘာကိုတောင် စိုးမိုးချင်သေးတဲ့လူမျိုး။
" ဒီလောက်နဲ့ အသိတရားဝင်သင့်ပြီမဟုတ်ဘူးလား အဖေဒီလိုဖြစ်နေတော့ လီလီကဘယ်လို .."
လီဆာ မျက်နှာကိုလက်ဝါးနဲ့အုပ်ရင်းငိုချင်စိတ်ကိုထိန်းလိုက်တယ်။ ဒီအချိန်မှာ လီဆာက ဒီလိုလုပ်နေရမှာမဟုတ်ဘူး။ ကင့်ဆီသွားဖို့ ပြင်နေရမှာ။ ကင့်ဘဝထဲခုန်ဝင်ဖို့ ပျော်နေရမှာ။ ကင်နားထောင်တတ်တဲ့ Elvis Presley ရဲ့ဓာတ်ပြားခွေအသစ်ကို အားလုံးထက်အရင် ခက်ခက်ခဲခဲဝယ်ထားခဲ့တဲ့အကြောင်းပြောရင်း ကင့်လက်ထဲခပ်ပြုံးပြုံးထည့်ပေးဖို့ ရင်ခုန်နေရမှာ။
အခုတော့ လီဆာက အဖေ့မျက်နှာကိုကြည့်ရင်း ခန္ဓာကိုယ်ကျောက်ချထားသလို မလှုပ်နိုင်ဘဲရှိတယ်။ လီဆာလဲ အဖေ့လို ပိုင်ဆိုင်လိုစိတ်နဲ့ပဲ စိတ်ဒုက္ခရောက်ရပြန်ရဲ့။
အဖေနဲ့တူတော့လည်း မတူပါဘူး။ လီဆာကကျ မိန်းမတစ်ယောက်ဆီ ကိုယ့်ကိုယ်ကိုယ်အပိုင်ပေးပစ်ချင်တာလေ။ အဲ့ဒီ့မိန်းမရဲ့ အပိုင်ဖြစ်ချင်တာ။ ဘာကဘယ်လိုကွာသလဲ လီဆာမတွေးတတ်တော့ဘူး။ လီဆာသိတာက ဒီအခြေနေမှာ အသက်ရှူကြပ်တယ်။ ကင်နဲ့လီဆာရဲ့ဆက်ဆံရေးအတွက် လီဆာ့ဘက်က တစ်လျှောက်လုံးဘာအားထုတ်မှုမှမပြုနိုင်ဘဲ အခုနောက်ဆုံးအကြိမ် ကင်ခင်းပေးထားတဲ့လမ်းကနေ ကင့်ဆီအပြေးသွားဖို့တောင် မပြတ်သားပေးနိုင်ဘူး။
ကင့်အတွက် မတရားတာလီဆာသိတယ်။ လီဆာ့ကိုချစ်ရတာ ကင့်အတွက်မတရားဘူး။ ဆယ့်ကိုးနှစ်အရွယ်လီဆာ့ရဲ့ စိတ်မပြတ်သားမှုတိုင်းကို အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်မိန်းမက ခွင့်လွှတ်နေခဲ့ရတာပဲ။
YOU ARE READING
Daisy ; Blooms in 1960
FanfictionA sunflower said she found love where she saw the brave daisy.