26

8.4K 976 72
                                    

ဖူမီဟီတိုနဲ့လက်ထပ်ဖို့ လီဆာလက်ခံလိုက်တဲ့ကိစ္စမှာ အပျော်ရွှင်ဆုံးက အဖေပါပဲ။ လက်ခံရတဲ့အကြောင်းရင်းကို မသိတဲ့အဖေက လီဆာနဲ့မင်းသားဟာ ချစ်သူတွေလို့ အထင်မှားနေပုံလည်းရတယ်။ လီဆာ့ကို အရင်လို တင်းတင်းကြပ်ကြပ် မျက်စိဒေါက်ထောက်ကြည့်တာမျိုး မလုပ်တော့ပါ။

အဖေရော ဖူမီဟီတိုရောက မဂ်လာကိစ္စကိုသာအာရုံစိုက်နေပြီး လီဆာ့ကို လွတ်လွတ်လပ်လပ်နေစေကြပါတယ်။ ခက်တာက အဖေလွတ်လပ်ခွင့်ပေးလာတဲ့အချိန် လီဆာ့ဆီမှာ ဖြစ်ချင်တဲ့ဆန္ဒတွေရော၊ အပြေးသွားစရာနေရာရော ရှိမနေတော့တာပဲ။

မဖြစ်မနေချလိုက်တဲ့ဆုံးဖြတ်ချက်အတွက် ပြည်သူတွေအပေါ်လိပ်ပြာလုံပေမယ့် မိန်းမတစ်ယောက်အပေါ်မှာတော့ လိပ်ပြာမလုံနိုင်။ ကင့်အပေါ် လီဆာပြုခဲ့တဲ့အမှားတွေဟာ တကယ်ကိုများတယ်။ ကင်တားနေတဲ့ကြားက ချစ်ပါတယ်လို့ဇွတ်အတင်းထုတ်ပြောခဲ့ပြီး အတ္တကြီးကြီးနဲ့ပဲ ကင့်ကိုတော့ ပိတ်ပင်ပစ်ခဲ့တယ်။ ဒါဟာ အမှားတွေရဲ့အစ။

လီဆာ့ကို ကင်ကချည်း ချည်လွှတ်လိုက်တယ်လို့ထင်ရပေမယ့် တကယ်တမ်း စချည်နှောင်သူက လီဆာပဲထင်တယ်။ လီဆာချည်ပစ်လိုက်လို့ ကင်က ကန့်သတ်နယ်မြေတွေကိုဖြတ်ပြီး၊ မိုင်အများကြီးလမ်းလျှောက်ပြီး၊ လီဆာ့ဆီရောက်အောင်လာခဲ့တာမဟုတ်လား။

လက်ထပ်ပွဲကိုလက်ခံပြီးတဲ့နေ့ကစပြီး လီဆာအိမ်အပြင်ကို ခြေမချမိ။ သို့ပေမယ့် မြို့ထဲမှာအတင်းစကားတွေ အမျိုးမျိုးပြန့်နေတာသိပါရဲ့။ မြို့ဝန်သမီးက ဂျပန်မင်းသားကိုဖျားယောင်းတယ်ဆိုတာတွေ၊ မြို့ဝန်မင်းက အာဏာမက်ပြီး သမီးဖြစ်သူကို ထိုးပေးတယ်ဆိုတာတွေ၊ အမျိုးကိုသစ္စာဖောက်ပြီး ဂျပန်မင်းသားရဲ့အငယ်အနှောင်းအဖြစ် ဂျပန်ကိုလိုက်သွားမယ်ဆိုတာတွေ။ ကြားဝံ့တာတွေရော၊ မကြားဝံ့တာတွေရော အားလုံးကို လီဆာပြန်ကြားရတယ်။

ထွေထွေထူးထူးခံစားချက်တော့ မရှိပါဘူး။ လူတွေအမြင်မှာ လီဆာက ရွံရှာစရာဖြစ်နေခြင်းက ဆန်းတာမှမဟုတ်ဘဲ။ လီဆာ့နှလုံးသားက ကင်တစ်ယောက်ထဲအတွက်ပဲ တကူးတကလိုက်ခံစားတတ်တာကြာပါပြီ။

Daisy ; Blooms in 1960Tempat cerita menjadi hidup. Temukan sekarang