၂)
ရှောင်းကျန့်က သူ့အခန်းထဲတွင် ပြည့်နေသော လက်ဆောင်ပစ္စည်းများနှင့်လက်ဝတ်ရတနာများကိုကြည့်၍ သက်ပြင်းချသည်။ အားလုံးက ဦးရီးတော်၏ အိမ်တော်မှ ပေးပို့သည့် ပစ္စည်းများ ဖြစ်ပြီး အကောင်းတကာ့အကောင်းဆုံးဆိုတာတွေ ချည်းဖြစ်သည်။
ရှောင်းကျန့်က အငယ်ဆုံးသားဖြစ်တာကြောင့် အစ်ကိုတွေကြား အလိုလိုက်ခံရသည်။ သားယောက်ျားလေးဆယ့်တစ်ယောက်မွေးသောရှောင်းအိမ်တော်တွင် သူတစ်ယာက်ကသာအသေးအညှက်ဆုံးဖြစ်သည်။ သူက သာမန်ကိုယ်လုပ်တော်ကမွေးသော်လည်း မွေးမွေးချင်းအမေဆုံးသွားတာကြောင့် ရှောင်းသခင်မကြီးကသူ့ကို ရက်သားကတည်းကမွေးခဲ့ရသည်။ ကြာလာတော့လည်းသူကအငယ်ဆုံးသားလေးဖြစ်လာတော့သည်။ ယခုတော့ ဦးရီးတော်အိမ်တော်ကို လိုက်ရတော့မည် ဖြစ်သည်။
"ကျန့်ကျန့်... အစ်ကို ဝင်လာလို့ရမလား။"ပြောပြီးပြီးချင်း ပွင့်သွားသည့်တံခါးကြောင့် ရှောင်းကျန့်က မျက်ရည်အမြန်သုတ်သည်။
"အစ်ကိုခြောက်.. ဘာဖြစ်လို့လဲ"
"မင်းကို လာကြည့်တာ.. မငိုပါနဲ့ ကလေးရဲ့။ စစ်ရှန်းကျူရန်က တကယ်တော်တဲ့လူပါ။ မင်းကိုမျက်စိကျတာ ကံကောင်းတာပဲပေါ့။"
ရှောင်းနန်က လက်ထဲမှ ထမင်းပန်းကန်ကို ချရင်း ချော့တော့ ရှောင်းကျန့်က ပိုဝမ်းနည်းလာပြီးငိုပြန်သည်။
"အဲ့ဒါဆို.. အင့်... အစ်ကိုခြောက် ယူလိုက်ပါလား။ ကျွန်တော်က ယောက်ျားလေး... ဘယ်လိုလုပ်ပြီး သူ့လိုယောက်ျားကြီးနဲ့ ယူချင်မှာလဲ။"
"သူက ငါ့ကိုမှမကြိုက်တာ။"
ရှောင်းနန်က စပ်ဖြဲဖြဲနှင့်ပြန်ဖြေတော့ ရှောင်းကျန့်က အသံကုန်အော်သည်။"အစ်ကိုခြောက်... "
"ဘာမှစိတ်မပူပါနဲ့... လာ... ထမင်းနည်းနည်းစားလိုက်။ မနက်ဖြန်ပဲ မင်္ဂလာပွဲဖြစ်နေပြီ။ခုထိငိုနေတုန်း"
ရှောင်းကျန့်က ပြန်မဖြေတော့ဘဲ ထမင်းကိုဖြည်းဖြည်းစားသည်။ သူ့ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့က တကယ်ကို ဖျက်စီးခံလိုက်ရပြီဖြစ်သည်။