၂၇
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရေကန်ထဲ အသာချပေးလိုက်ပြီး သူပါ သူ့နောက်ကျော၌ ဝင်ထိုင်သည်။ ရှောင်းကျန့်က တော်တော်လေး ပင်ပန်းသွားတာကြောင့် သူ့ရင်ဘတ်ပေါ် မှီနွဲ့ထားပြီး မျက်လုံးမှိတ်ထား၏။ နှစ်ယောက်လုံး၏ ဆံနွယ်ရှည်များက ပြေလျော့နေပြီး ဆံထိုးနှင့် အဆင်တန်ဆာတို့မှာ မည်သည့်နေရာ ရောက်ကုန်မှန်းပင် မသိတော့ပေ။ ဝမ်ရိပေါ်က သူ့ပခုံးလေးကို ရေဝတ်လေးဖြင့် ဖွဖွသုတ်ပေးရင်း နဖူးလေးကို ဖွဖွနမ်းသည်။
"အဆောင်ကို မပြန်နဲ့တော့။ ကိုယ်တော့်အဆောင်မှာပဲ အိပ်လိုက်တော့။"
ရှောင်းကျန့်က မျက်လုံးလေး ဖွင့်ကြည့်လာပြီး သူ့မေးဖျားကို ရွှတ်ခနဲ နမ်းသည်။
"ဖုကျွင်း.. ချစ်တယ်။"
ဝမ်ရိပေါ်က ပြုံးလိုက်မိပြီး ရှောင်းကျန့်ကိုယ်လုံးလေးကို မချင့်မရဲ ဖက်သည်။ သူ တကယ် ဒီအကောင်ပေါက်ကလေးကို ချစ်မဝနိုင်ဖြစ်နေရ၏။
"ကိုယ်တော့်အသက်ထက်တောင် မင်းကို ပိုချစ်တယ် ရှောင်ရှောင်း။"
ရှောင်းကျန့်က ပြုံးရုံ ပြုံးလိုက်ပြီး ထပ်ပြောသည်။
"ဖုကျွင်း... စိတ်မဆိုးပါနဲ့တော့နော်။ ဖုကျွင်းကို သူများတွေက ဒေါသကြီးတဲ့ဘုရင်လို့ ခေါ်မှာ ရှောင်ရှောင်း မလိုချင်ဘူး။"
"ဒီကလေးလေးက ကိုယ်တော့်အတွက် အများကြီး တွေးပေးတာပဲ။"
ဝမ်ရိပေါ်က စိတ်ကြည်သွားပြီး ရယ်တော့မှ ရှောင်းကျန့်က သက်ပြင်းမျှင်းမျှင်းလေး ချကာ မျက်လုံးမှိတ်လိုက်၏။ ရေက နွေးနေတာကြောင့်ရော၊ ဝမ်ရိပေါ်က သူ့ကျောပြင်နှင့် ခါးတစ်လျှောက်ကို ဖွဖွလေး ပွတ်သပ်နှိပ်နယ်ပေးနေတာကြောင့်ရော သူက အိပ်ငိုက်လာတော့သည်။ သူ့ခင်ပွန်းက သူ့အပေါ် ယုယလွန်းနေ၍ သူက သက်တောင့်သက်သာလေး ဇိမ်ခံရင်း အိပ်ပျော်သွားတော့သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုရော သူ့ကိုယ်သူပါ သန့်ရှင်းရေးလုပ်လိုက်ပြီး အိပ်ပျော်နေသည့် ဇနီးလေးကို ပွေ့ချီကာ အိပ်ရာပေါ် တင်ပေးသည်။ ပြီးမှ သူက အဆောင်ပြင်ထွက်လာခဲ့ပြီး လော့အာကို ခေါ်လိုက်ပြီး မေးသည်။
