၆
ဝမ်ရိပေါ်က ညီလာခံ ပြီးသည်နှင့် ကွေ့ရှန်းအဆောင်ကို ခပ်မြန်မြန်သွားသည်။ ခြေလှမ်းကျဲကြီးများနှင့် မပြေးရုံတမယ် လျှောက်နေတာကြောင့် အနောက်မှ အစေခံတစ်သိုက်က ပြေးလိုက်ရသည်။ ရှောင်းကျန့်ကို အစိုးရိမ်လွန်နေသဖြင့် အလောတကြီးလျှောက်လာရင်း အတိတ်ကပုံရိပ်တို့ကသူ့အတွေးထဲ ဝင်လာပြန်သည်။
ဝမ်ရိပေါ်က ကွေ့ရှန်းအဆောင်ရှေ့ထိ ရောက်ပြီးမှ မဝင်သေးဘဲ ရပ်နေမိသည်။ ရှောင်းကျန့်က လှသလောက် အန္တရာယ်များလွန်းသည်။ သူ့လိုစစ်ရှန်းကျူရန်ကိုတောင် အင်အားအများကြီး သုံးစရာမလိုဘဲ လုပ်ကြံနိုင်ခဲ့တာကြောင့် သူက တွေဝေနေ၏။
"အရှင်.. ကြင်ယာတော်ကို အကြောင်းကြားပေးရမလား။"
ချောင်ကုန်းကုန်းက မေးတော့ ဝမ်ရိပေါ်က လက်ကာပြသည်။
"ထားလိုက်တော့... ညနေကျရင် ကိုယ်တော့်ကို ဂါရဝလာပြုဖို့ အကြောင်းကြားထားလိုက်။"
သူက ပူပန်နေသည့်စိတ်ကို လျစ်လျူရှုကာ သူ့နန်းဆောင်သူ ပြန်လာခဲ့သည်။ ရှောင်းကျန့်ထံတွင် နောက်တစ်ကြိမ် ပျော်ဝင်မိသည်နှင့် သူ့နောက်ကျောကို ဓားနှင့် အထိုးခံရပေလိမ့်မည်။
သူ့နန်းဆောင်ကို ရောက်မှလုပ်လက်စအလုပ်များကို ဆက်လုပ်ရသည်။ များပြားလှသော သဝဏ်လွှာများကို ဖတ်ရင်း အချိန်က ကုန်မှန်းမသိ ကုန်လာသည်။ ညဉ့်ကလည်း နက်လာပြီး ရှောင်းကျန့်များ ရောက်လာလေမလားဟု မျှော်မိသော်လည်း အရိပ်ကလေးပင် မတွေ့ရသေးပေ။
ပေလိပ်အဟောင်းများကို လှန်လှောလိုက်ရာ အနက်ရောင်ကျောက်စိမ်းတံဆိပ်တစ်ခုက ကြမ်းပေါ် ဒေါက်ခနဲ ကျသွား၏။ ဝမ်ရိပေါ်က ကောက်ယူကြည့်လိုက်ရာ နန်ထျင်းအဖွဲ့၏ အမိန့်ပြားဖြစ်နေ၏။
"နန်ထျင်း..."
ဝမ်ရိပေါ်က တံဆိပ်ပြားကိုကိုင်ထားလျက်ပြန်တွေးနေမိသည်။ နန်ထျင်းအဖွဲ့က သူ စစ်ရှန်းကျူရန်ဦးရီးတော်ဘဝကတည်းက တိတ်တဆိတ် ဖွဲ့စည်းထားခဲ့သော လုပ်ကြံရေးသမားအဖွဲ့ဖြစ်သည်။ ယခင်က သူ နန်းတက်လိုက်တာကြောင့် နန်ထျင်းအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။
