၃၀ (final)
ရှောင်းကျန့်က ဖျတ်ခနဲ နိုးလာခဲ့ပြီး အတင်းထထိုင်သည်။ သူက ဧကရာဇ်၏ အိပ်ဆောင်ထဲ ပြန်ရောက်နေတာကြောင့် လော့အာကို အော်ခေါ်သည်။
"လော့အာ... လော့အာ... "
လော့အာက မဝင်လာဘဲ အခြားအစေခံမိန်းကလေးတစ်ယောက်ကသာ ပြေးဝင်လာ၏။
"ကြင်ယာတော်... နိုးလာပါပြီလား။"
"အင်း... အရှင် ဘယ်မှာလဲ။ ပွဲကရော ပြီးသွားပြီလား။"
ရှောင်းကျန့်က မေးလိုက်တော့ အစေခံကောင်မလေးက အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေသည်။
"ပွဲမှာ ပုန်ကန်မှု ဖြစ်လို့ပါ။"
"အရှင်.. အရှင်ရော ဘာဖြစ်သွားသေးလဲ။ ဘယ်သုတွေက ပုန်ကန်တာလဲ။"
ရှောင်းကျန့်က စိုးရိမ်တကြီး မေးမြန်းရင်း မတ်တပ်ထရပ်သည်။ အစေခံမိန်းကလေးက ရှောင်းကျန့်ကို ကြောက်နေတာကြောင့် အမှန်အတိုင်းဖြေလိုက်မိသည်။
"အရှင်က ဒဏ်ရာ ရထားပါတယ်။ အခု ဟိုဘက်အဆောင်မှာ အနားယူနေပါတယ်။"
ရှောင်းကျန့်က အပေါ်ဝတ်ရုံကို ထပ်ဝတ်ရင်း ထပ်မေးသည်။
"ဘယ်သူက ပုန်ကန်တာလဲ။ အကုန်ဖမ်းမိတာလား။"
"ပုန်ကန်တာက မယ်တော်ကြီးနဲ့ ရှောင်းအမတ်ကြီး ဦးဆောင်တာပါ။"
"ဘယ်သူ... "
သူက သူ့နားသူပင် မယုံနိုင်တော့ဘဲ ခုတင်ပေါ် ထိုင်ကျသွား၏။ သူ့အဖေက ပုန်ကန်တာတဲ့လား။ ဘာကြောင့်များ ကိုယ့်သေတွင်းကိုယ် တူးကြပါလိမ့်။
"အခု... အခုရော... ဘာဆက်ဖြစ်သွားလဲ။"
"ပါဝင်ခဲ့တဲ့ အမတ်တွေရဲ့ မိသားစုအားလုံးကို ဖမ်းပြီးပါပြီ။ မနက်နေထွက်တာနဲ့ နန်းရင်ပြင်မှာ ကွပ်မျက်ဖို့အမိန့်ချပြီးပါပြီ။"
ရှောင်းကျန့်က ငိုဖို့တောင် အားမရှိတော့သလို ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိသည်။ ရှောင်းအိမ်က မနက်နေထွက်သည်နှင့် တစ်ယောက်မကျန် အသတ်ခံရတော့မည်။ သူ ချစ်ရသည့် အဖေနှင့်အမေ၊ ပြီးတော့ သူ့ကို အလိုလိုက်လွန်းသည့် အစ်ကိုဆယ့်တစ်ယောက်။ သူက တွေးနေရင်း မျက်ရည်များက တလှိမ့်လှိမ့် စီးကျလာသည်။
![](https://img.wattpad.com/cover/325383186-288-k939816.jpg)