၂၉
ခန်းမက လူများလွန်းပြီး စည်ကားနေ၏။ ဝမ်ရိပေါ်က ထိပ်ဆုံးခုံတွင် ထိုင်နေပြီး အားလုံးကို အကဲခတ်နေရသည်။ ရှောင်းကျန့်က သူ့နံဘေးတွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ ငြိမ်နေ၏။
"အရှင်မင်းကြီးနဲ့ ကြင်ယာတော်ကို ဂုဏ်ပြုပါတယ်။ ကျွန်တော်မျိုး မကြာခင် မြေးချီရတော့မယ်။"
ရှောင်းအမတ်ကြီးက ပြောရင်း အရက်ခွက်ကို မြှောက်သည်။ ရှောင်းကျန့်ကတော့ သူ့ကျွေးအဖေအပေါ် သံယောဇဥ် မပြတ်နိုင်သေးတာကြောင့် ပျော်ရွှင်သွားပြီး မတ်တပ်ရပ်သည်။
"ပါး... ကျွန်တော့်ကို ကျန့်အာလို့ပဲ ခေါ်လို့ရပါတယ်။"
"ဘယ်ဖြစ်မလဲ... ဘယ်ဖြစ်မလဲ။ ကြင်ယာတော်က မြင့်မြတ်တဲ့ နဂါးမျိုးဆက်ကို လွယ်ထားရတာပါ။လာ... ကျွန်တော်မျိုး တစ်ခွက်ဂုဏ်ပြုမယ်။"
ရှောင်းအဖိုးကြီးက သူ့လက်ထဲမှ အရက်ခွက်ကို ထပ်မြှောက်တော့ ရှောင်းကျန့်က ရယ်လိုက်ပြီး အရက်ခွက်ကို ကိုင်သည်။ ဝမ်ရိပေါ်ကလည်း ပြုံးရင်း ခွက်ကို မြှောက်သည်။ ပြီးနောက် သုံးယောက်သား တစ်ပြိုင်တည်း သောက်လိုက်ကြသည်။
ရှောင်းကျန့်က ရုတ်တရက် မူးဝေလာတာကြောင့် သူ့နေရာတွင် ပြန်ထိုင်သည်။ ထိုအခိုက် အားဖုန်းက အနောက်ပေါက်မှ ပြေးဝင်လာပြီး ဝမ်ရိပေါ်နားသို့ ကပ်ကာ တစ်စုံတစ်ရာကို တိုးတိုးလျှောက်တင်သည်။
"သြော်... ဟား... ဟား... ဟား..."
ဝမ်ရိပေါ်က မထိတထိ လှောင်ရယ်လိုက်ပြီး ရှောင်းကျန့်ပါးလေးကို ဖွဖွ အုပ်ကိုင်သည်။
"ကလေးလေး နေမကောင်းဘူးလား။"
"ကျွန်တော် မူးနေလို့... အင်း... အရမ်း... အိပ်ချင်လာတာ"
ရှောင်းကျန့်က ပြောပြီးသည်နှင့် သူ့ပခုံးပေါ် ယိုင်ကျလာပြီး အိပ်ပျော်သွားတော့သည်။ ခန်းမတစ်ခုလုံးကလည်း ရှောင်းကျန့်ထံ အကြည့်ရောက်လာကြသည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို စားပွဲပေါ် ခေါင်းမှောက်ပေးလိုက်ပြီး လက်ကာပြသည်။
"ဆက်ပျော်ကြပါ။ ကြင်ယာတော်က အရက်မသောက်နိုင်လို့"
ထိုအခါမှ ခန်းမကြီးက ပြန်အသက်ဝင်လာသည်။ အတန်ကြာပြီးနောက် မင်းသမီး လန်ချင်းချင်းက မတ်တပ်ရပ်ကာ လျှောက်တင်သည်။