၂၅
"အရှင်မင်းကြီး.. မြေတိုင်းအမတ်က တွေ့ခွင့်တောင်းပါတယ်။"
ချောင်ကုန်းကုန်းက လျှောက်တင်လိုက်တော့ ဝမ်ရိပေါ်က မျက်လုံးတစ်ချက်သာ ဝင့်၍ ကြည့်လာပြီး အသံမာမာဖြင့် ပြောသည်။
"ဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့"
ချောင်ကုန်းကုန်းက အဆောင်အပြင်ဘက်သို့ ခပ်မြန်မြန်ပြေးထွက်သွားသည်။ ကြင်ယာတော်နှင့် စကားများပြီးကတည်းက သူတို့အရှင်က စိတ်ဆတ်နေပြီး အပြစ်သေးသေးလေးဆိုလျှင်ပင် ခွင့်မလွှတ်တတ်သဖြင့် သူက သတိထားနေရသည်။ ကြင်ယာတော်ကလည်း လာမချော့သလို သူတို့အရှင်ကလည်း ကြင်ယာတော်ကို သွားမချော့ပေ။
ဧကရာဇ်ခမျာ သူ့ကြင်ယာတော်လေးကို မတွေ့ဘဲလည်း မနေနိုင်သဖြင့် ညသန်းခေါင်ကြီးရောက်မှ ကွေ့ရှန်းအဆောင်ဆီ ခိုးကြောင်ခိုးဝှက်သွားသည်။ ရှောင်းကျန့်အိပ်ပျော်နေမှန်းသေချာမှ အကြာကြီးထိုင်ကြည့်နေပြီး သူ့အဆောင်သူ ပြန်လာတတ်၏။ ဝမ်ရိပေါ် သွားသည့်နေရာတိုင်း လိုက်ရသည့် ချောင်ကုန်းကုန်းခမျာ အိပ်ပင်မအိပ်ရတော့ပေ။
"ဘာလုပ်နေတာလဲ။ အခုထိ မဝင်သေးဘူးလား။"
ဝမ်ရိပေါ်၏ မာဆတ်ဆတ် အသံကြားမှ ချောင်ကုန်းကုန်းက အသိပြန်ဝင်လာပြီး မြေတိုင်းအမတ်နှင့်အတူ ဝင်လာသည်။ မြေတိုင်းအမတ်က သူယူလာသော စာလိပ်များကို ဖြန့်ပြရင်း လျှောက်တင်သည်။
"အရှင်မင်းကြီး.. တောင်ပိုင်းက ဈေးဆောက်လုပ်ဖို့အတွက် မြေကွက်တွေကို တိုင်းပြီးပါပြီ။ လူနေအိမ်တွေနဲ့ မလွတ်ပါဘူး။"
"အဲ့ဒီတော့ မောင်မင်းက ဘယ်လိုလုပ်ချင်တာလဲ။"
ဝမ်ရိပေါ်က အနီရောင်မင်ဖြင့် ဝိုင်းထားသည့် မြေနေရာများကို စစ်ဆေးရင်း ပြန်မေးသည်။ မြေတိုင်းအမတ်က လက်နှစ်ဖက်ကို ယှက်လိုက်ပြီး လျှောက်သည်။
"ပြည်သူတွေကို ဖယ်ခိုင်းရပါမယ်။ သူတို့က အစကတည်းက အဲ့ဒီနေရာတွေကို တောရှင်းပြီးနေနေကြတာပါ။"
"ဖယ်ခိုင်းတော့ သူတို့အိမ်ပျောက်သွားမှာလေ။"
"အိမ်က.. သူတို့က အစကတည်းက ရုံးတော်ကို အခွန်မသွင်းပါဘူး အရှင်။ ပြီးတော့လဲ အဲ့မှာနေတာက ဆင်းရဲသားတွေချည်းပါပဲ။"
![](https://img.wattpad.com/cover/325383186-288-k939816.jpg)