(အပိုင်း-၂)
* * *
(Uni)၀မ်းကလဲ တစ်ထွာပဲရှိလို့ပေါ့ တစ်တောင်လောက်သာဆို ခင်သိန်းတို့ ညတောင်အိပ်ရပါ့မလားမသိဘူး။အလုပ်ကပြန်လာ ရေစက်ကို ပိုက်ဆံတစ်ရာပေးပြီး ရေလေးအမြန်ပြေးချိုး အိမ်အတွက်ရေကဖြည့်ရသေး။ကြားထဲ မသာတွေက စနေလို့ ဆဲခဲ့သေးတယ် ။ရင်ရှားသွားလို့တဲ့ တကယ့်ကို ဆီလိုအပေါက်ရှာ တဲ့ ကိုးတောင်၀တ် ကျားစစ်စစ်ကြီးတွေရဲ့။ ခင်သိန်းဘာသာ ရင်ရှားရုံမက ဖင်လှန်သွားစေဦး သူတို့အပူကျလို့။
ဒုက္ခများချက်ကတော့ ပိုက်ဆံရဖို့ လုပ်ရကိုင်ရ မောပြန်ပြီ ။ပိုက်ဆံရပြန်တော့လဲ ၀ယ်ရခြမ်းရ စျေးတက်လို့ ထပ်မောလိုက်ရ။ ဟော နောက်ဆုံး ချက်ရပြုတ်ရတော့လဲ ထပ်မောလိုက်ရ။ ထမင်းတစ်နပ်နဲ့ မကာမိဘူး မောချက်ကတော့ တစ်နပ်စားပြီး သုံးခါမောရတဲ့အဖြစ်။
ထမင်းစားပြီး အညောင်းပြေအညာပြေ တီဗီလေးက ကြည့်ချင်သေးတယ်။ အမေကတော့ စားပြီးသောက်ပြီး အိပ်ရာပေါ်မှာ လဲနေပြီ။ လက်ထဲက ပုတီးတစ်ကုံးနဲ့။ နေပါစေ သူ့အာရုံနဲ့သူပေါ့။
"အမေ တီဗီသွားကြည့်မလို့နော်"
ဒေါ်မယ်တင်တို့ကတော့ ပါးစပ်ကကိုမပြောတော့ဘူး လက်လေးနဲ့ "သွားသွား" တဲ့။ဘုရားစာ ရွတ်နေလို့လားရယ်တော့မသိ။
အမေက တော်ရုံကိစ္စတွေလောက်ကို သိပ်ပြီးမပိတ်ပင်တော့ဘူး။ အခုလဲ ခွင့်တောင်းတယ်မဆိုသာဘူး အသိပေးရုံလောက်သာ။တီဗီပုံးရှိတဲ့ အိမ်က မြောက်ဘက် တစ်အိမ်ကျော်က မရွှေမြင့် တို့အိမ်။ နာမည်အတိုင်းပဲ ရွှေရော ငွေရောက အမြင့်မှာ သူလဲ ဘာထူးလဲ ခင်သိန်းကို ဘယ်ကြည်ပါ့မလဲ ခင်သိန်းမှမဟုတ်ဘူး လမ်းထဲက ဘယ်သူ့ကိုမဆို အထက်စီးက။
ငဝိုင်းလေ ပိုက်ဆံပေါ့ ငဝိုင်းရှိရင် ဘုရားကိုတောင် ပိုက်ဆံပစ်ပေါက်ပြီး ပုလ္လင်ပြန်လုလို့ရတယ် မာရ်နတ်တောင်မလိုဘူး။ သွားကြည့်လို့လဲ အခန့်သား အေးအေးဆေးဆေး ကြည့်ရတာမဟုတ်ပါဘူး။ မျက်လုံးက တီဗီကြည့် လက်က အလုပ်တစ်ခုခု လုပ်ပေးနေတာ။ အ၀တ်ခေါက်ပေးရတယ်။ ဒေါ်ရွှေမြင့်ကို ခြေနဲ့လက်နဲ့ နှိပ်နယ်ပေးရသေး။ ဘုရားစူးရပါစေရဲ့ အမေ့ကလွဲပြီး ဘယ်သူ့ကိုမှ မနှိပ်ပေးဖူးဘူး။ ယပ်တောင်ခတ်ပေးရတယ်။ ဒါတွေလုပ်ပေးလို့လဲ ဒေါ်ရွှေမြင့်က မကြည်ပေသိ ခင်သိန်းကို တီဗီကြည့်ခွင့်ပေးတာပေါ့။ ဒီခေတ်မှာ တီဗီဆိုတာ တချို့လူတွေ မြင်တောင်မမြင်ဖူးတဲ့အချိန် နေ့တိုင်း တီဗီကြည့်ခွင့်ရတဲ့ ခင်သိန်းက အာဂမှတ်လို့။

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။