Uni
(အပိုင်း ၁၃)
အိမ်က ဆန်အိုးထဲလည်း ဆန်က မရှိတော့ဘူး။ အလုပ်ပြီးကတည်းက စားစရာမရှိလို့
ဒေါ်ရွှေမြင့်အိမ်ကိုသွားပြီး ပိုက်ဆံလှည့်ရတယ်။ အတိုးနဲ့ပေါ့။ အဆူအဆဲခံပြီးမှ ချေးရတာ ဒါ တောင် ၁သောင်းတည်းယူခဲ့တာ။
ပိုက်ဆံလေး ချေးမိပါတယ် သူတို့ပြောဆို တရားချတာ ခံရသေးတာ။ ပြန်ပေးမှာပါ ပြန်ပေးမှာပါ။ အခုက ငတ်နေတုန်းမို့ အလုပ်ပြန်လာခေါ်ရင် ပြန်ပေးမှာ စိတ်ချ။
၁သောင်းကို ဆန်၀ယ် ဆီ၀ယ်နဲ့ ဘာကျန်မှာလဲ။ သားအမိ ၂ယောက် ၁သောင်းက ဘယ်နှရက်ခံမှာ မို့လို့လဲ။ ဟိုဟာ၀ယ်ရ ဒါ၀ယ်ရနဲ့။
ဟင်းတောင် ကောင်းကောင်းမစားနိုင်ဘူး။
တခါကန်စွန်းရွက်လေးကြော်လိုက် ၊ ခရမ်းချဥ်သီးလေး ချက်လိုက်၊ ဆားငံပြာရည်လေး ကြိုစားလိုက် လုပ်နေရတာ။ ထမင်းစားတိုင်း ဟိုမသာကို ဒေါသထွက်ရတယ်။ ဒါပေမဲ့လည်း ကိုယ့်အပြစ်ကိုယ်ခံရတာပါပဲ။ သူကို ယုံမိတာလည်း ခင်သိန်းပဲ ၊ ပိုက်ဆံထုတ်ပေးခဲ့တာလည်း ခင်သိန်းပဲလေ။"ကျွတ်... ကျွတ်... ကျွတ်"
ခင်သိန်း အိပ်ယာပေါ် လှဲနေတယ့် အမေ့ကို ကြည့်မိတယ်။ အမေ ဒီရက်ပိုင်း နေမကောင်းဘူး။ ဆေးခန်းမပြရတာကို ကြာပေါ့။ ဟိုသေနာ ဘ၀ထဲ ၀င်လာကတည်းက။အမေ့ကို မမြင် လင်ကိုပဲ မြင်ပြီး ထိုးကျွေး အန်ကျွေးမိတာ အမေ့ကို ပစ်ထားမိပြီ။ အရင် အမေဟညောင်းလာရင် ဆေးခန်းပြနေကျ။ အခုက မပြနိုင်ဘူးလေ ။ လက်ထဲ ၂၀၀ပဲကျန်တော့တယ်။ အမေကလည်း ပိုက်ဆံမရှိတာ သိပုံရပါတယ်။ ဆေးခန်းပြရအောင် စကားမဟ ရှာဘူး။ မသိပဲရှိမလား နေ့တိုင်း ဟင်းက ကောင်းမှ မကောင်းတာ ။ အမေလည်း ရိပ်မိလောက်ပါတယ်။
"အမေ ညောင်းနေတာလား ခင်သိန်း နှိပ်ပေးမယ်လေ"
ခင်သိန်း အမေ့ ခြေထောက်လေးတွေကို လက်နဲ့ နှိပ်ပေးလိုက်တယ်။ ဟုတ်သားပဲ အမေ့ခြေထောက်လေးတွေ အကြောတွေ တင်းနေတာ။ အင်း... အိပ်ယာပေါ်ပဲ လှဲနေရတာ ဘယ်မှ မသွားရ မလာရ နဲ့ဆိုတော့ အကြောတွေ တင်းမှာပေါ့။
အို အမေ့မျက်လုံးထဲက မျက်ရည်တွေ ထွက်နေလို့ပါ့လား။ အမေ ငိုနေတာလား။ မဖြစ်နိုင်ဘူး မျက်လုံးကိုက်လို့ မျက်ရည်ယိုတာလား။
မျက်စဥ်းမ၀ယ်ပေးတာလည်း ကြာနေပြီ။
ပိုက်ဆံရရင် အမေ့မျက်စဥ်းက အရင်၀ယ်ရတော့မှာ။ ဒီတိုင်းနေ နေလို့ မရပါဘူး။
တခုခု လုပ်ရမှာပေါ့။ ဒေါ်ရွှေတင်ဆီ ထပ်ချေးဖို့ကျတော့လည်း တစ်ခါကနေ နှစ်ခါ ဘယ်သူကချေးချင်မှာလဲ။ ယူထားတဲ့ ၁သောင်းတောင် မကြေသေးဘူးကို။ ဘယ်သူ့ဆီ ချေးရပါ့မလဲ။ မာမီစွာဆီကိုရော အို မဖြစ်ပါဘူး။
အဲ့အဘွားကြီးက နှုတ်ကကြမ်းကြမ်းနဲ့
ဟိုတစ်ခေါက် အမေနေမကောင်းလို့ ဆေးခန်းပြချင်လို့ ညနေပိုက်ဆံရှင်းမှာမို့ ညနေပေးပါ့မယ်ဆိုပြီး ချေးတာတောင် မချေးတဲ့အပြင် တလမ်းလုံးကြားအောင် အော်ဆဲသွားတာ။
ဒေါ်ရွှေမြင့်တို့ကတော့ နှုတ်သာကြမ်းတာ ချေးတယ် ။ ဒါပေမယ့် အတိုးလေ အတိုး
လည်မြုပ်အောင် ဆပ်ရမယ့်အတိုး။ အဲဒါကြောင့် အများကြီး မယူခဲ့ဘူးလေ။ ၁သောင်းယူတော့ အတ်ိုးက ၂ထောင်စားတယ်လေ။
ဟိုကောင် စန်းညွှန့်ဆီကိုရော။
သူကတော့ ဟိုနေ့က လမ်းမှာ ခင်သိန်းအလုပ်နားနေတာ သိတယ်ထင်ပါတယ်။
"ခင်ခင်လေး အလုပ်နားနေတာလား ပိုက်ဆံတွေ ဘာတွေ လိုရင် ပြောနော်တဲ့"
ချေးရင် ကောင်းမလား။ အဲ့တဏှာရူးနဲ့ ခင်သိန်းမပတ်သတ်ချင်ပါဘူး။ ခင်သိန်း သတိထားရမယ့်သူထဲမှာက သူက ထိပ်ဆုံးက။ အခုက စားစရာမှ မရှိတာ စားစရာမရှိတာ ထိုင်နေလို့ရသေးတယ် အမေ့ကျန်းမာရေးက ထိူင်နေလို့မရဘူး။
မပတ်သတ်ချင်လည်း ပတ်သတ်ရတော့မှာပေါ့။ ပိုက်ဆံချေးတဲ့သူနဲ့ အကြွေးရှင် ဆက်ဆံရေးပဲပေါ့။ ဘာပိုစရာရှိလဲ။
ကိုယ်က သူ့ပိုက်ဆံ ယူထားတယ် အဆင်ပြေရင် ပြန်ဆပ်မယ်။ အတိုးလိုချင် ပေးမယ်။ ဒါပဲလေ ခပ်တန်းတန်းပဲ။မထူးမှတာ့ မထူးဇာတ်ခင်းရုံပဲ။
_______________________________

YOU ARE READING
လွတ်လပ်ခွင့် ( Uni + Zaw)
Non-Fictionမိန်းမလျာတစ်ယောက်ရဲ့ ဘ၀အခြေနေဖြတ်သန်းပုံ၊ ဖိနှိပ်ခံရပုံတွေကို ရသသဘော ရေးသားထားခြင်းဖြစ်ပါတယ်။