အပိုင်း 🪤 ၁၄

25 6 3
                                    

Unicode

အဲ့ဒီနေ့ တောအုပ်ထဲမှာ အသံဗလံတွေ အလွန်ဆူညံနေသည်။ တောသတ္တဝါတို့အသံတော့ မဟုတ်ခဲ့။

ဓားနှင့်ဒိုင်း၊ လှံနှင့်ကာတို့ ထိရိုက်ပစ်ခွဲသံများ။

ခါတိုင်းက သူမနှင့်အတူနင်းလျှောက်ခဲ့သော မြက်ခင်းစိမ်းစိမ်းတွင်လည်း သွေးစသွေးနများနှင့် အသားပဲ့များပြန့်ကျဲလျက် ခြင်းခြင်းနီနေခဲ့ပြီ။ တစ်ဖက်နှင့်တစ်ဖက် အငြိုးကြီးစွာသတ်ပုတ်ခုတ်ဖြတ်ရင်း ထွက်ပေါ်လာသောအော်သံကြီးများက နားနှင့်မဆန့်ဘဲ လျှံထွက်ကာနေသည်။

သူမြတ်နိုးခဲ့ရသော ဒီတောအုပ်ကြီး၌ ယခုလို လူသတ်ပွဲကြီးဆင်နွှဲရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။
အလွန်လှပခဲ့သော မြက်ခင်းပြင်ကအခုတော့ စစ်မြေပြင်လုံးလုံးဖြစ်ခဲ့ရပြီ။
ရက်စက်ကြမ်းကြုတ်သောစစ်မြေတလင်းပေါ်တွင် ကူကယ်ရာမဲ့ ကြောက်လန့်တကြား သွေးပျက်မတတ်အော်နေသော အသံတစ်သံ။

အသံရှင်က သူသိပ်ချစ်ရသော "သူမ"

သူမကိုအသက်ထက်ဆုံးကာကွယ်ပေးဖို့ သစ္စာဆိုထားပြီးသား။ သူမကို တစ်သက်လုံးသူ့ရင်ခွင်ထဲနွေးထွေးပေးဖို့ကတိပေးပြီးသား။ သူမကိုများထိခိုက်အောင်လုပ်ခဲ့ပါက ဆံချည်တစ်မျှင်ထိလျှင် ထိုသူ၏အသက်သွေးကြောများတစ်ခဏချင်းရပ်ဆိုင်းသွားစေရမည််။
မှဲ့တစ်ပေါက်စွန်းခဲ့သော် ထိုသူ၏ ခန္ဓာကို အစရှာမရတော့သည်အထိချေမွဖျက်ဆီးပစ်မည်။
သူကိုယ်တိုင်ကြောင့်သာ သူမမျက်ရည်တစ်ပေါက်ကျဆင်းခဲ့ရပါက သူ့ကိုယ့်သူခွင့်မလွှတ်နိုင်စွာအပြစ်ပေးနိုင်ဝံ့သည်။ ထိုကဲ့သို့ တန်ဖိုးထားရသော သူမကို နာကျင်အောင်လုပ်နေပါရောလား။

သူ့ကိုယ်ရှိသွေးများ ဆူပွက်လာသည်။ ဒေါသကိုအကောင်အထည်မမြင်ရပေမယ့် ထိုဒေါသဖြင့် လူသတ်နိုင်လောက်သည်အထိကြီးမားလာလေပြီ။ သူ့ခြေထောက်များလှုပ်ရှားမှုမရှိဘဲ ထိုနေရာသို့ဘယ်လိုရောက်လာမှန်းတောင်မသိတော့။
သူမကိုရန်ပြုရန်ကြိုးစားသူမှန်သမျှကို ရှင်းထုတ်နေခဲ့သည်။

ကိုယ်တွင်လည်း သွေးအလိမ်းလိမ်းကပ်လို့နေပြီ။ ကိုယ့်သွေးတော့မဟုတ်၊ ရန်သူ့သွေးတွေ။
သူမကလည်း သူ့ကိုအားကိုးခြင်းကြီးစွာ ကြည့်နေလေသည်။ ကြောက်ရွံ့ခြင်းများနှင့်မျက်ရည်ဝဲနေသူကလေးကို မမြင်ရက်။ ထို့ကြောင့် ရန်သူများကိုသာ ရင်ဆိုင်ရှင်းလင်းနေမိသည်။

ကျောက်စိမ်းနှလုံးသားဒဏ္ဍာရီWhere stories live. Discover now