အခန်း ၃။ မနှစ်ကနွေရာသီမှာ နင်ဘာလုပ်ခဲ့လဲ ငါသိတယ်
"ယုယ....ယုယ...ကျစ်...ကျစ်..."
လူလေးယောက်ထိုင်တဲ့စားပွဲမှာ ယုယနဲ့မေသက်ထား နှစ်ယောက်သာရှိသည်။ မြေပုံဆွဲရတဲ့ပထဝီအချိန်မျိုးဆိုရင် နေရာအကျယ်ကြီးယူထားတာမို့ အသံတိုးတိုးလေးနဲ့ပြောသော် တစ်ဖက်လူကမကြား။ မေသက်ထားသည် ထိုင်ခုံတွေရွှေ့လာပြီး သူ့မြေပုံကိုလှအောင် ရှယ်သနေတဲ့ ယုယပုခုံးကိုရိုက်လိုက်သည်။
"ယုယမင်းမော်..."
"ဟင်..."
"...နောက်တန်းကကောင် နင့်ကိုကြည့်နေပြန်ပြီ"
ဆရာမကိုကြည့်လိုက်တော့ သင်ပုန်းမှာ စာလှည့်ရေးနေတုန်းမို့ ယုယအနောက်ကို လှည့်ကြည့်လိုက်သည်။
သူပဲ။ နောက်ဆုံးတန်းမှာ ခုံကိုကျောမှီထိုင်ပြီး စာလိုက်မရေးပဲ ယုယကိုစိုက်ကြည့်နေတဲ့ သိင်္ခကျော်စွာပေါ့။
ယုယကို နှောင့်ယှက်ဖို့ သူသစ္စာဆိုထားသလား။ ကျောင်းလာပြီးစာမသင်ပဲ ဒီလိုတွေလုပ်နေတော့မှာလားမသိပါ။ နှစ်စတုန်းကလို ဖော်ရွေတတ်တဲ့ သူငယ်ချင်းအရည်ခွံကိုချွတ်ပြီးတဲ့နောက်ပိုင်း တစ်နေ့တစ်နေ့ ယုယကိုပဲနှောင့်ယှက်ဖို့တွေးနေသလားမသိပါ။
နေ့တိုင်းသူ ဒီလိုထိုင်ကြည့်နေတာကို ယုယမှာ အသားကျနေရပြီ။ အရင်ကလောက် စိတ်ရှုပ်ဖို့မကောင်းတော့ပေမယ့် ခါတိုင်းလိုပဲ စိတ်ရှုပ်ချင်ယောင်ဆောင်လိုက်သည်။ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုကိုက်ပြလိုက်တော့ သူ့နှုတ်ခမ်းထောင့်လေး တစ်ဖက်တည်းဆန်းကြယ်စွာ ကော့တတ်သွားသည်။ အကြည့်ချင်းဆုံခိုက်လေးမှာ သူကမျက်လုံးတစ်ဖက်ကို ဖျက်ခနဲမှိတ်ပြတော့ ယုယမျက်လုံးတွေ ပြူးကျယ်သွားရသည်။
အရှေ့ကို မြန်မြန်ပြန်လှည့်လိုက်ရသည်။ အပေါ်ထပ်ဆွယ်တာကို ဆုပ်ကိုင်ရင်း နှလုံးခုန်သံတွေကိုသတိထားမိသည်။ မေသက်ထား ဖေဖေရဲ့ကော်ဖီက ကဖင်းဓာတ်များနေလို့လား။ ညကအိပ်ရေးပျက်ခဲ့လို့လား။ ရင်တုန်လိုက်တာ။
"သူနင့်ကိုများကြိုက်နေသလားမသိဘူး"
မေသက်ထားက စာအရေးမပျက်ပဲ ဆရာမမကြားအောင် တိုးတိုးလေးပြောလေသည်။ မေ့စကားကြောင့် ယုယမှာ ရင်တုန်တာတွေပျောက်ပြီး နှလုံးခုန်ပါရပ်ရတော့မည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်